စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက အင်အား ၄၀ကျော်ရှိတဲ့ ရွာသာရွာ ပျူစောထီးစခန်းကို တာဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၇ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
မေလ ၃၀ရက် နေ့လယ် ၁နာရီခွဲလောက်က စတင်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်တာတွေရှိလို့ တိုက်ပွဲကြာချိန် တနာရီကျော်လောက်ရှိခဲ့တယ်လို့ Shwebo Federal Army တာဝန်ရှိသူတဦးက ဆိုပါတယ်။
ရွာသာရွာမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတာ ၂ နှစ်နီးပါးရှိပြီဖြစ်ကာ စခန်းမှာရှိတဲ့ တပ်သားတွေကတော့ စစ်ကြောင်းကြီးတွေလာမှသာ ဘေးပတ်ဝန်းကျင်ရွာတွေကို သွားလာရဲတယ်လို့ သိရပါတယ်။
“ကာကွယ်ရေးအဖွဲ့အစည်းတွေကလည်း ရွာနားထိ ရှိနေကြတော့ ပျူခြံထဲကနေ အပြင်ထွက်လို့မရကြဘူး၊ သူတို့(ပျူစောထီး)ကို အကျယ်ချုပ်သဘောမျိုးနဲ့ ဝိုင်းပြီး ထိန်းချုပ်ထားနိုင်တယ်၊ အပြီးပိုင်ထိန်းနိုင်တာမဟုတ်ပေမယ့် ရွာထဲနဲ့ အနားက စခန်းလောက်ပဲသွားလို့ရတယ်၊ ဘေးပတ်ဝန်းကျင် ဘယ်ကိုမှထွက်လို့မရဘူး”လို့ ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်မိကျောင်းအဖွဲ့ ၊ Shwebo Federal Army SBFA ၊ snake eyes၊ ဒေါင်းမာန်-LPDF၊ ဒေါင်းစစ်သည်-LPDF၊ မဟူရာ ရွှေဘိုသား၊ ခွပ်ဒေါင်းဖိုက်တာ-LPDF၊ သမန်းကျား-LPDF၊ ဂဠုန်ကြီး ပြည်သူ့ကာကွယ်ရေး-SBO၊ ရွှေဘိုခရိုင် တပ်ရင်း-၄ တပ်ခွဲ-၂ စတဲ့ တိုက်နယ်၅ နဲ့ တိုက်နယ်၂က မဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။