ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းကစပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ဆက်တိုက် ကြားနေရတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲဖြစ်တာ မထူးဆန်းတော့ပေမဲ့ လူနေရပ်ကွက်တွေပေါ် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှာကို စိုးရိမ်ရတယ်လို့ သူကပြောပါတယ်။
“မြို့ပေါ်မှာ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ မနက်ကတည်းက ဆက်တိုက် ကြားနေရတယ်။ ကြည့်ရတာ တိုက်ပွဲတွေ ထပ်ဖြစ်နေပြီနဲ့ တူတယ်။ တိုက်ပွဲက မထူးဆန်းတော့ပေမဲ့ စစ်ကောင်စီက တိုက်ပွဲနဲ့ မဆိုင်တဲ့ လူနေရပ်ကွက်တွေကိုလည်း လိုက်ပစ်တတ်လို့ စိုးရိမ်နေရတယ်” လို့ မြို့ပေါ် နေထိုင်သူ တစ်ဦးက ပြောပါတယ်။
မိုးဗြဲမြို့ပေါ်မှာ ဒေသခံ တစ်ချို့ နေထိုင်လျက်ရှိပြီး အများစုကတော့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ စစ်ဘေး တိမ်းရှောင်နေရပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး မဲခေါင်သတင်းဌာန စုံစမ်း မေးမြန်းနေဆဲ ဖြစ်ပါတယ်။
မြို့ပေါ်မှာ စစ်ရေး တင်းမာနေတာကြောင့် ပြည်သူတွေ ဂရုစိုက် နေထိုင်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် -MBPDF က ထုတ်ပြန်ထားပါတယ်။