စစ်ကောင်စီတပ်သားတွေဟာ တနင်္သာရီတိုင်းထဲက အရပ်သားနေအိမ် ၁၅ ဆောင်ထက်မနည်း၊ ပြည်သူပိုင်ဥယာဥ်ခြံတွေနဲ့ စားနပ်ရိက္ခာတွေကို ပြီးခဲ့တဲ့မေလအတွင်းမှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
တနင်္သာရီတိုင်းမ်က ရရှိထားတဲ့အချက်အလက်တွေအရ ထားဝယ်မြို့နယ်၊ ဥယျာဥ်ကြီးရွာက နေအိမ် ၁ ဆောင်၊ ရေဝိုင်းရွာက နေအိမ် ၅ ဆောင်၊ သင်္ကန်းတုံးရွာက နေအိမ် ၈ ဆောင်နဲ့ ပုလောမြို့နယ်၊ နန်းပရုပ်ရွာက နေအိမ် ၁ ဆောင်တို့ ဖြစ်ပါတယ်။
ပြီးတဲ့တဲ့လအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ်အများစုဟာ ထားဝယ်မြို့နယ်ထဲက နေအိမ်တွေဖြစ်ပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာစဥ် အကြောင်းအရင်းမရှိဘဲ မီးရှို့၊ ဖျက်ဆီးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပုလောမြို့နယ်က နေအိမ်ကတော့ တိုက်ပွဲဖြစ်တဲ့နေရာနဲ့အနီးဆုံးက နေအိမ်ဖြစ်နေလို့ မီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်တယ်လို့ ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ရေဖြူမြို့နယ်၊ ဝက်ချောင်းရွာက ခြံတွေကိုလည်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကြောင်းတွေက မီးရှို့ဖျက်ဆီးခဲ့ပြီး သက်ကြီးရွယ်အိုတွေအတွက် လှူဒါန်းထားတဲ့ စားနပ်ရိက္ခာတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ မီးရှို့ဖျက်ဆီးခံရတဲ့ ခြံဧက အရေအတွက်ကိုတော့ အတည်မပြုနိုင်ခဲ့ပါဘူး။
ဒါတွေအပြင် ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်က ကျပ်သိန်းတစ်ထောင်ကျော်တန်ဖိုးရှိတဲ့အိမ်အဆောက်အဦ၊ ဆိုင်ခန်းတွေနဲ့ သရက် ချောင်းမြို့နယ်၊ ညောင်ဇင်ရွာက အရက်ဆိုင်တစ်ဆိုင်ကိုလည်း PDF တွေနဲ့ အချိတ်အဆက်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ချိပ်ပိတ်ခဲ့ပါတယ်။
ဒါ့အပြင် မေလမှာ ရှို့မီးကြောင့် မဟုတ်ဘဲ ဝါယာကြိုးမတော်တဆဖြစ်ရာကနေ မြိတ်မြို့၊ ကန်ခေါင်းရပ်ကွက်က တည်းခိုခန်းတစ်ဆောင်မီးလောင် ပျက်စီးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
ဖော်ပြထားတဲ့အချက်အလက်တွေဟာ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်တွေအပြင် တနင်္သာရီတိုင်းမ်က လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့အချက်အလက်တွေကို စုစည်းထားတာဖြစ်ပါတယ်။ မြေပြင်မှာ ဒီထက်ပိုနိုင်ပါတယ်။
ဧပြီလက စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့တဲ့ တနင်္သာရီတိုင်းထဲက နေအိမ်အရေအတွက်က ၁၀ ဆောင်နီးပါး ရှိပါတယ်။