တာချီလိတ်မြို့၊ ရဂျီးနား ဂေါက်ကွင်းအနီးတဝိုက်မှာ ဒီနေ့နေ့လည် ၁နာရီခန့်က အဖွဲ့ ၂ဖွဲ့ သေနတ်အပြန်အလှန်ပစ်ခတ်ကြပြီး ပြည်သူ့စစ်တစ်ဦး သေနတ်ထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
သေနတ်သံ ၁၀ချက်ခန့် အပြန်အလှန်ပစ်ခတ်တာကြားရပြီး ဘယ်အဖွဲ့နဲ့ ဘယ်အဖွဲ့ ပစ်ခတ်တယ်ဆိုတာကိုတော့ မသိရဘူးလို့ ဝမ်ကောင်းရပ်ကွက်မှာနေထိုင်သူ တစ်ဦးက မဲခေါင်ကိုပြောပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်ကို မဲခေါင်သတင်းဌာနက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ပစ်ခတ်မှုဖြစ်ပွားချိန်နဲ့ မရှေးမနှောင်းမှာ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းမှာရှိတဲ့ ရွှေမြန်မာဟိုတယ် အနီးတဝိုက်မှာလည်း စစ်ကားတွေ အများအပြားရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တာချီလိတ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက် တရုတ်ရာဇဝတ်ဂိုဏ်းတွေများပြားလာပြီး ဂိုဏ်းအချင်းချင်းအပြန်အလှန်ပစ်ခတ်တာ၊ ပြန်ပေးဆွဲတာ၊ ခိုက်ရန်ဖြစ်ပွားတာတွေလည်း များလာတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။