တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် ယနေ့(ဇွန်လ ၂) နံနက်ပိုင်းက ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်၍ ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း(၇၈) နှစ်မြောက် ဗထူးနေ့ အခမ်းအနားကို ၎င်း၏မွေးရပ်ဇာတိဖြစ်သည့် လေးသွန်းခံရွာရှိ ဗထူးပန်းခြံ၌ ပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားတွင် သမဂ္ဂခွပ်ဒေါင်းအလံတော်အား အလေးပြုခြင်း၊ ဗိုလ်မှူးကြီးဗထူးနှင့်တကွ ကျဆုံးသွားခဲ့ကြသော လွတ်လပ်ရေးနှင့် ဒီမိုကရေစီသူရဲကောင်းများအား အလေးပြုခြင်း၊ ဗိုလ်မှူးကြီးဗထူးအား အောက်မေ့ဂုဏ်ပြုသည့်အနေဖြင့် လွမ်းသူပန်းခွေချ ဂါရဝပြုခြင်း၊ တော်လှန်ရေးအင်အားစုများမှ ပေးပို့လာသည့် သဝဏ်လွှာများအား ဖတ်ကြားခြင်း အပါအဝင် တော်လှန်ရေးကဗျာများ ရွတ်ဆိုခြင်း အစီအစဉ်များ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ လောင်းလုံးမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများ၊ အခြေခံပညာကျောင်းသားများ၊ အမျိုးသမီးများ၊ လူငယ်များနှင့် ဒေသခံပြည်သူအများအပြား တက်ရောက်လာကြပြီး ဗိုလ်မှူးကြီးဗထူးအား အောက်မေ့လွမ်းဆွတ်သည့်အနေဖြင့် လွမ်းသူပန်းခွေချ ဂါရဝပြုသည့်အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများလည်း ကြွေးကြော်ခဲ့ကြသည်။
ဗိုလ်မှူးကြီးဗထူးသည် ၁၉၄၁တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)သို့ စတင်ဝင်ရောက်ချိန်မှစ၍ မိဘ၊ ဇနီး၊ သားသမီးများနှင့်တွေ့ခွင့်မရဘဲ ဗမာပြည်လွတ်လပ်ရေးအတွက် မနားမနေကြိုးပမ်းရင်း ၁၉၄၅ ဇွန်လ ၂ရက်တွင် ကျဆုံးခဲ့ရသည့် ထားဝယ်တိုင်းရင်းသား မြန်မာ့သူရဲကောင်းတစ်ဦးဖြစ်ကြောင်း DDMSC က ဖော်ပြသည်။