ဂျပန်နိုင်ငံတကာကော်ပိုရေးရှင်းတွေက အာဏာသိမ်းကြိုးပမ်းမှုမတိုင်မီ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က ပေးအပ်ခဲ့တဲ့ ချေးငွေတွေနဲ့ တည်ဆောက်လျက်ရှိတဲ့ စီမံကိန်းတွေအတွက် မြန်မာ့မီးရထားလုပ်ငန်းထံမှ ဝင်ငွေ သန်းပေါင်းများစွာကို လက်ခံရရှိခဲ့တယ်လို့ Justice For Myanmar က ဖော်ထုတ်လိုက်ပါတယ်။
မြန်မာ့မီးရထားလုပ်ငန်းဟာ စစ်အုပ်စုက တရားဥပဒေမဲ့ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်လုပ်ငန်းတစ်ရပ် ဖြစ်ပြီး အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာ့မီးရထားလုပ်ငန်းက ဝန်ထမ်းပေါင်း ၃၀၀၀၀ ထဲက ခန့်မှန်းခြေ ၉၀ ရာခိုင်နှုန်းဟာ စစ်အုပ်စုရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ဖို့ ငြင်းဆန်ပြီး သူတို့ရဲ့ အလုပ်အကိုင်တွေနဲ့ အသက်တွေကို ရင်းကာ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းတွေကို ဆက်လက်လုပ်ဆောင်ခြင်းက စစ်အုပ်စုအတွက် တရားဝင်မှုပေးအပ်ခြင်းဖြစ်ပြီး၊ သူတို့ရဲ့ ထောက်ပံ့ပို့ဆောင်ရေးစွမ်းရည်ကို မြှင့်တင်ပေးတာဖြစ်တယ်လို့လည်း ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ မြန်မာနိုင်ငံတဝန်း ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်း တစ်စက်မှမရှိဘဲ ကျူးလွန်ရာမှာ စစ်သည်တွေ၊ စစ်လက်နက်ခဲယမ်းတွေနဲ့ တခြားထောက်ပံ့ရေးပစ္စည်း တွေကို သယ်ယူပို့ဆောင်ဖို့ ရထားတွေကို အသုံးပြုနေတယ်လို့ ဆိုပါတယ်။
အဲ့ဒီ ရထားလမ်းမြှင့်တင်ရေးစီမံကိန်းတွေအောက်မှာ ဂျပန်နိုင်ငံနဲ့ အီးယူက နိုင်ငံစုံကော်ပိုရေးရှင်းတွေဟာ မြန်မာစစ်တပ် ခရိုနီကုမ္ပဏီတွေနဲ့ မိတ်ဖက်ဆောင်ရွက်ပြီး လုပ်ငန်းတွေကို လုပ်ဆောင်နေတာကြောင့် စီမံကိန်းကို ကူညီတာရပ်တန့်ဖို့ ဂျပန်ကို တောင်းဆိုလိုက်တာဖြစ်ပါတယ်။