တနင်္သာရီမြို့နယ်၊ တနင်္သာရီမြစ်လက်တက် ထဲမှာ လှေနဲ့သွားနေတဲ့ အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ သေနတ်နဲ့ပစ်ခတ်ခဲ့လို့ အမျိုသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ကညနေ ၃ နာရီလောက်မှာ ညောင်ပင်ကုန်းရွာလှေဆိပ်ကနေ ကမ်းတိုရွာဟောင်းဘက်ကို လှေငယ်နဲ့ သွားနေတဲ့ အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်သားတွေက ကုန်းပေါ်ကနေ သေနတ်နဲ့ လှမ်းပြီးပစ်ခတ်ခဲ့တာပါ။
အဲဒီလိုပစ်ခတ်ချိန် အသက် ၃၀ ဝန်းကျင်အရွယ် ကမ်းတိုရွာသား ကိုအောင်ကျော် ကျည်ထိမှန်ပြီး ရေထဲကိုပြုတ်ကျ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“လှေက လှေအငယ်လေးနဲ့ သွားနေတာပါ။ လှေပေါ်မှာ သူတို့နှစ်ယောက်ပဲ ပါလာတယ်လို့ ကြားတယ်။ အဲဒီအချိန်က တိုက်ပွဲဖြစ်တာလည်းမရှိပါဘူး။ သတ်သတ်မဲ့ကို ပစ်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပစ်သတ်ခံရသူရဲ့အလောင်းကတော့ ရေထဲမှာမြုပ်သွားခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာ ဆင်ဒင်ရွာအနီးက မြစ်ထဲမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနောက် ပြင်ဝန်းရွာမှာမြေမြှုပ်သင်္ဂြိုဟ်လိုက်တယ်လို့ ဒေသခံကဆိုပါတယ်။
ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကတော့ မမသောင်ရွာ၊ ဘန်းလမွတ်ရွာနဲ့ ထုံမခါရွာတွေဘက်မှာ စစ်ကြောင်းထိုးသွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ဖြစ်တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ နှစ်ရက်ကလည်း ရေဖြူမြို့နယ်၊ ကလိန်မြို့တံတားစစ်ဆေးရေးဂိတ်မှာရှိတဲ့စစ်ကောင်စီတပ်သားတွေက ဆိုင်ကယ်စီးလာတဲ့အမျိုးသားတစ်ဦးကို နှစ်ကြိမ်အထိလိုက်လံပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါတယ်။