ရန်ကုန်တိုင်း၊ ခရမ်းမြို့မှာ စီးနင်းခွင့်ပိတ်ထားတဲ့ ဘေးတွဲဆိုင်ကယ်တွေကို ပြန်လည်စီးနင်းခွင့် မေးမြန်းရာမှာ “အသက်အပိုပါရင် စီးကြ” လို့ စစ်ကောင်စီအဖွဲ့က ခြိမ်းခြောက်ပြီး ပြန်ပြောတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ခရမ်းမြို့နယ်မှာ ဘေးတွဲဆိုင်ကယ် စီးနင်းခွင့်ကို ၂၀၂၃၊ ဧပြီ ၁၅ ရက်နေ့မှာ စတင်ပိတ်ထားတာကြောင့် ဆိုင်ကယ်ကို အဓိကထား ခရီးသွားပြည်သူနဲ့ ဆိုင်ကယ်ကယ်ရီသမားတွေ ဒုက္ခရောက်နေကြတယ်လို့ ဆိုပါတယ်။
“၄ လပိုင်းတုန်းကဖြစ်ခဲ့တဲ့ ပစ်ခတ်မှုမှာ ရဲနှစ်ကောင်သေပြီး သေနတ်တွေပါသွားလို့အဲ့ကစပြီး စစ်တပ်က ညစ်ပတ်ထားတာ။ တစ်ချို့ဖမ်းဆီးခံရတဲ့ကလေးတွေလည်း စစ်ကြောရေးမှာ အသတ်ခံရတာတွေရှိသလို တစ်ချို့ကလေးတွေလည်း စစ်တပ်ကပစ်သတ်ပြီး PDF ဆိုပြီး လိမ်ထားတာတွေလည်းရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်ကြတဲ့ ရဲဘော် ရနောင်၊ ရဲဘော် မှေးကြီး၊ ရဲဘော် ဗိုက်ကလေး၊ ရဲဘော် သာလိကာ၊ ရဲဘော် စာကလေး၊ ရဲဘော် DK၊ အပါအဝင် ခရမ်း-PDFတပ်ဖွဲ့ဝင် ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါသေးတယ်။
ရန်ကုန်တိုင်း၊ မြို့နယ်တွေမှာ စစ်ကောင်စီတပ်ကို မြို့ပြပြောက်ကျားတော်လှန်ရေးအဖွဲ့တွေက ပစ်ခတ်လုပ်ကြံမှုတွေမှာ ဆိုင်ကယ်နဲ့ ပစ်ခတ်တာတွေရှိတာကြောင့် စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားပါတယ်။