ကသာမြို့နယ် မယ့်လင်ချောင်ရွာအနီး ရေပြာချောင်းအတက်တွင် ယနေ့ ဇွန် ၅ ရက်နေ့ နံနက် ၈ နာရီခန့်၌ စစ်ကောင်စီတပ်နှင့် KIA၊ မိုးတား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၃ ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။
၎င်းစစ်ကောင်စီစစ်ကြောင်းသည် နတ်လှိုင်ရွာမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ပြီး ဇွန်လ ၁ ရက်နေ့တွင်လည်း လူနေအိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဟုတ်တယ်၊ အိမ်ခြေ ၁၀၀ ကျော်ရှို့သွားတယ်။ ပိန်းလဟာ ကိုလည်း ရှို့သွားတယ်။”ဟု ဆိုသည်။
ကျေးရွာမီးရှို့ဖျက်ဆီးမှုများကြောင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်ရှိ ညောင်ခြေထောက်၊ သံပရာ၊ ကျောက်ပုံ၊ အင်းရွာ၊ ပျဉ်းလေးပင်၊ အင်းရွာလေး၊ ကျွန်းတောကုန်း၊ ညောင်ပင်ကွင်းစသည့် ကျေးရွာများရှိ ပြည်သူတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။