စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က မိုးကြိုးပြင်ရွာမှ ပြည်သူ ၁၅ ဦးကို ဓားစာခံ အဖြစ်ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေကြောင်း ချင်းတွင်း မြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က မိုးကြိုးပြင်ရွာမှ ပြည်သူ ၁၅ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးလျက်ရှိပြီး လက်ရှိချိန်တွင် ဆားလင်းကြီးမြို့နယ် ရွှေသမင်ရွာ၌ ရောက်ရှိနေကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ရွှေသမင်ရွာ၊ မတောင့်တာရွာ၊ မြင်းခြံဘွားရွာ၊ ဘိုက်တရက်ရွာနှင့် ညောင်ပင်ရွာတို့မှ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။
” စစ်ခွေးတွေက ဓားစာခံအဖြစ် ၁၅ယောက်လောက် ခေါ်ဆောင်သွားကြောင်းသိရှိရပါတယ်။ မိုးကြိုးပြင်ရွာက ပြည်သူတွေလို့သိရတယ်။ အကြမ်းဖက် စစ်ခွေးတွေ အခု ရွှေသမင်ကျေးရွာဘုန်းကြီးကျောင်းမှာ ယာယီတပ်ချထားပါတယ်” ဟု ချင်းတွင်း မြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။