ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ဆောက်လုပ်ရေး မှတ်တိုင်နဲ့ အောက်ထိပ်မီးပွိုင့်ကြားမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒီကနေ့ မနက် ၅ နာရီ ၂၇ မိနစ်မှာ ပထမ အကြိမ် ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ၅ နာရီ ၄၂ မိနစ်မှာ ဒုတိယ အကြိမ် ဗုံး ၂ လုံး ထပ်မံ ပေါက်ကွဲကာ ၅ နာရီ ၅၂ မိနစ်မှာ တတိယ အကြိမ် ဗုံး ၂ လုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
လှိင်သာယာ အရှေ့ပိုင်း၊ (၆) ရပ်ကွက်၊ ရန်ကုန်-ပုသိမ်လမ်းဘေးရှိ CB ဘဏ်အနီးမှာ မနက် ၆ နာရီခွဲက ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ခဲ့ရာ ဘဏ်ရှေ့ မြက်တော အတွင်း ၂ ကြိမ်နဲ့ ပထမ နေရာမှ ပေ ၁၀၀ အကွာ မြက်တောတွင်းမှ တစ်ကြိမ် ထပ်မံ ပေါက်ကွဲခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။
“မိုးလင်းထဲက စစ်ကားတွေနဲ့ ရပ်ကွက် လူမိုက်တွေ ဓါးတွေလွယ်ပြီး ပတ်နေကြတာ။ ဒီဘက်လာရင်တော့ အစစ်အဆေးတွေရှိတော့ သတိထားပြီး လာကြပါ။ ပေါက်ကွဲသံတွေ ကြားရပေမယ့် လူထိခိုက်တာမျိုးတော့ မကြားရသေးဘူး။ ဒီကောင်တွေ ကတော့ ရပ်ကွက် လမ်းထိပ်တိုင်းမှာ ရှိတယ်။ ပျူစောထီးတွေလည်း ဓါးလွယ်ပြီး ကင်းပတ်နေတယ်” လို့ သူကပြောပါတယ်။
ဒါ့အပြင် မနက် ၇ နာရီ ၄၅ မိနစ်နဲ့ ၈ နာရီ ၂ မိနစ်ကလည်း ပေါက်ကွဲမှု ၂ ကြိမ် ထပ်မံ ဖြစ်ပွားခဲ့ပြီး အဆိုပါ စစ်ဆင်ရေးကို မြို့ပြမြေပြင် တိုက်ခိုက်ရေး အင်အားစု တစ်ခုက ပြုလုပ်တာဖြစ်ကာ လှိုင်သာယာမြို့နယ်ကို စစ်ကောင်စီ လုံးဝ အုပ်ချုပ်ခွင့်ရမှာ မဟုတ်ကြောင်း အသိပေး နှိုးဆော်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။