သရက်ချောင်းမြို့နယ်၊ ကြာအင်းရွာထဲကို စစ်ကောင်စီတပ်သားတွေ ဒီကနေ့မနက်မှာ ဝင်ရောက်လာပြီး ဧည့်စာရင်းအကြောင်းပြစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပန်းတော့ရွာလမ်းအတိုင်း ကြာအင်ရွာထဲကို မနက် ၈ နာရီလောက်မှာ စစ်ကောင်စီတပ်သား အင်အား ၃၀ ခန့်ဝင်ရောက်လာပြီး ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်ခဲ့တာပါ။
“ရွာလယ်ပိုင်းက အိမ်တွေအများစု အစစ်ခံရတယ်။ အိမ်ထောင်စုစာရင်းတွေ စစ်တယ်။ အိမ်မှာယောင်္ကျားဘယ်နှစ်ယောက်ရှိလဲ။ ဘာအလုပ်လုပ်လဲ အဲ့လိုတွေ မေးတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ တစ်နာရီခွဲလောက် အကြာမှာတော့ ရွာကနေထွက်သွားကြတယ်လို့ သိရပါတယ်။ ၎င်းတို့ဟာ နေအိမ်တချို့ကနေ ငွေကြေးယူဆောင်သွားတာမျိုးလည်းရှိတယ်လို့ ဒေသခံတချို့ ပြောပြချက်အရ သိရပါတယ်။
အဲဒီစစ်ကြောင်းက မနေ့က မနက်ပိုင်းကတည်းက စော်ဖျားရွာဘက်ကို ရောက်နေတဲ့ စစ်ကြောင်းဖြစ်ပြီး မနေ့ညကတော့ ကျောက်လှေကားရွာမှာ စခန်းချ နေထိုင်ခဲ့တယ်လို့သိရပါတယ်။
ဒီကနေ့မနက် ၁၀ နာရီလောက်မှာတော့ ကြာအင်းရွာကတဆင့် ထားဝယ်-သရက်ချောင်းကားလမ်းပေါ်က ညောင်ဇင်ရွာထဲကို ထပ်မံရောက်ရှိနေပြီး သေနတ်ပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ််။
ညောင်ဇင်ရွာမှာတော့ စျေးဆိုင်တွေပိတ်ပြီး ရွာခံတချို့လည်း တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
သရက်ချောင်းမြို့နယ်ထဲက ဥတ္တူရွာထဲကိုလည်း စစ်ကောင်စီစစ်ကြောင်းတစ်ခု မနေ့က ဝင်ရောက်လာပြီး နေအိမ် ၂ ဆောင်ကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။