စစ်ကိုင်းတိုင်း မုံရွာမြို့ အရှေ့ဘက်က ရေကန်စုရွာနဲ့ ရောင်တော်ထုံးရွာတွေကို ဒီမနက် (၄)နာရီကျော်အချိန် စစ်အုပ်စုက အလစ်အငိုက်ချောင်းကာ အကြမ်းဖက်ပစ်ခတ် ဝင်မွှေလုယက်ပြီးနောက် ဒေသခံငါးဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး ခေါင်းဖြတ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ရေကန်စုရွာ စာသင်ကျောင်းအတွင်း လက်နက်ခဲယမ်းတွေ တွေ့ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်အုပ်စုက အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသား သုံးဦးကို ဖမ်းဆီးညှဉ်းပန်း သတ်ဖြတ်ပြီးနောက် ဦးခေါင်းတွေ ဖြတ်ထားခဲ့တာလို့ ဆိုပါတယ်။
ဒီနေ့ ဇွန်(၇)ရက် မနက်(၄)နာရီကျော်မှာ စစ်အုပ်စုက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ ရေကန်စုရွာနဲ့ ရောင်တော်ထုံးရွာကို အကြမ်းဖက် စီးနင်းဝင်မွှေပြီး ရေကန်စုရွာဘက်မှာ ပစ်ခတ်သံတွေ ကြားရသလို အထက်ပါအတိုင်း ငါးဦး သတ်ဖြတ်ခံရတာလို့ ဒေသခံတွေက ဆိုပါတယ်။
ကျဆုံးသူ ငါးဦးနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်တွေကိုတော့ MFP အနေနဲ့ မသိရသေးပါဘူး။
ရေကန်စုရွာက ဒေသခံ ငါးဦးကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်အုပ်စုက သတင်းဖြန့်ရာမှာတော့ ရေကန်စုရွာ စာသင်ကျောင်းထဲ အခြေချနေတဲ့ PDF တွေကို ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်းနဲ့ PDF ကျား သုံးဦးနဲ့ မနှစ်ဦး အလောင်းတွေ အပါအဝင် လက်လုပ်စိန်ပြောင်း တစ်လက်၊ လက်လုပ်သေနတ် ရှစ်လက်၊ ကျည်အိမ်၊ ကျည်ဆံ၊ လက်လုပ်ဗုံးသီး၊ မိုင်း၊ ဆိုင်ကယ် ရှစ်စီး၊ ပြောက်ကျားယူနီဖောင်း (၁၀)စုံ၊ NLD အလံတွ သိမ်းဆည်းရရှိတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
စစ်အုပ်စုဟာ မုံရွာမြု့ပေါ်နဲ့ မုံရွာနယ် အပါအဝင် စစ်ကိုင်းတိုင်းထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။