တပ်ရင်းအမှတ် ၁၀၀၇ (မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၂) တပ်ရင်းတပ်ဖွဲ့ တိုးချဲ့ တည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို မနေ့က ရှမ်းပြည်နယ်တောင်ပိုင်း တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မိုးဗြဲ PDF -၂ က ထုတ်ပြန်လိုက်ပါတယ်။
ဇွန်လ ၇ ရက်ဟာ စစ်အာဏာရှင်ကိုတော်လှန်တာ ၂ နှစ်ပြည့်တာဖြစ်သလို မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်ရင်း ၂ တိုးချဲ့တည်ထောင်တာ တစ်နှစ်ပြည့်ခဲ့ပြီလို့ ဆိုပါတယ်။
ယခင်က အမှတ် ၁၀၀၁ (မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် -၁) ရဲ့တပ်ခွဲဖြစ်ပေမဲ့ စစ်မြေပြင်တည်နေရာ အနေအထားအရ တိုးချဲ့ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိတိုက်ပွဲတွေရဲ့ အခြေအနေအရ အခမ်းအနားကို တောတွင်းတစ်နေရာမှာ အကျဉ်းချုပ်သာပြုလုပ်ခဲ့တယ်လို့ မိုးဗြဲ PDF -၂ ကဆိုပါတယ်။
တော်လှန်ရေး ကာလ ၂ နှစ်ကျော် ကာလအတွင်း စစ်အာဏာ ရှင်ကိုတွန်းလှန်တိုက်ခိုက်ရင်း မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်-၂ က ရဲဘော် ၈ ဦးအသက်ပေးဆပ်ရသလို ခြေထောက်ဆုံးရှူံး ရဲဘော် ၄ ဦး နဲ့ ဒဏ်ရာရ ရဲဘော် ၁၇ ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် – ၂ အနေနဲ့ လက်ရှိတိုက်ပွဲ ပြင်းထန်နေတဲ့ ရှမ်း-ကယားနယ်စပ်၊ ပင်လောင်း-ဖယ်ခုံ မှာလည်း တော်လှန်ရေးအင်အားစုနဲ့ အတူ ၃ လကျော်အထိ တိုက်ပွဲဝင်နေဆဲဖြစ်ပြီး စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်လာသည်အထိ စစ်အာဏာ ရှင်ကို တွန်းလှန်တိုက်ခိုက်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။