လောင်းလုံးမြို့ပေါ်မှာ မြို့ခံ ၉ ဦးထက်မနည်းကို ပြီးခဲ့တဲ့နှစ်ရက်အတွင်း စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလ ၇ ရက်နေ့ညပိုင်းက လောင်းလုံးမြို့ပေါ်၊ ပန်းတောဝဘုန်းကြီးကျောင်းအနီးက နေအိမ်တွေက အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၂ ဦးကိုစစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။ ဒါ့အပြင် မနေ့ကညနေပိုင်းနဲ့ ညပိုင်းမှာလည်း မြို့ပေါ်က အမျိုးသား ၃ ဦးခန့်ကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
“အခုရက်ပိုင်း ထားဝယ်ဘက်ကနေ မြေတင်ကားတွေ၊ အိမ်စီးကားတွေနဲ့ စစ်သားတွေဆင်းလာတာရှိတယ်။ ပြီးတာနဲ့ မြို့ပေါ်မှာ အဖမ်းအဆီး၊ အစစ်အဆေးများလာ တာပဲ။ ကင်းပုန်းဝပ်တာတွေ၊ စစ်တာတွေ အရမ်းကိုများနေတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
နှစ်ရက်အတွင်းဖမ်းဆီးခံရသူ ၉ ဦးဝန်းကျင်ထဲမှာ ပန်းတောဝဘုန်းကြီးကျောင်းအနီး ဖမ်းဆီးခံရသူ ၆ ဦးကတော့ အခုညနေပိုင်းမှာပြန်လွတ်လာတယ်လို့ သိရပါတယ်။
လောင်းလုံးမြို့နယ်အတွင်း နောက်ထပ်ဖမ်းဆီးခံထားရသူတွေလည်း ရှိနိုင်တယ်လို့ ဒေသခံတွေ ဆီက သိရပြီး အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။
ဒီကနေ့မနက် ၅နာရီဝန်းကျင်လောက်မှာတော့ လောင်းလုံးရဲစခန်းမှာ အရင်က ဖမ်းဆီးထားသူတွေထဲက တချို့ကို လူနာတင်ယာဉ်နှစ်စီးနဲ့တင်ဆောင်ပြီး ထားဝယ်အကျဥ်းထောင်ကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။
ထားဝယ်အကျဥ်းထောင်ကိုပို့ဆောင်ခံရတာဟာ အချုပ်ခန်းမှာ ဖမ်းဆီးခံထားရသူအားလုံးမဟုတ်ပဲ တချို့တဝက်ကိုပဲ ပို့တာဖြစ်တယ်လို့မြို့ခံကဆိုပါတယ်။
“လောင်းလုံးမြို့နယ် တရားရုံးကနေ အမိန့်ချခံထားရသူတွေရှိတယ်။ ဒီမှာပဲ စစ်ပြီး ဒီမှာပဲအမိန့်ချတဲ့သူတွေပါ။ သူတို့ကို ပို့တာဖြစ်နိုင်တယ်” လို့ မြို့ခံကဆက်ပြောပါတယ်။
ဒီကနေ့မနက်ကဖမ်းဆီးထားသူတွေကို လူနာတင်ယာဉ်တွေနဲ့ ပို့ဆောင်ချိန် လောင်းလုံး-ထားဝယ် လမ်းတလျှောက်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်သားတွေ ကင်းချတာတွေ ပြုလုပ်ထားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လကလည်း လောင်းလုံးမြို့မရဲစခန်းကစစ်ကောင်စီတပ်သားတွေဟာ မြို့ခံအများအပြားကိုဖမ်းဆီးခဲ့တာကြောင့် ရဲအချုပ်ခန်းမဆန့်တော့တဲ့ အနေအထားအထိ ရောက်ခဲ့ပါတယ်။