ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကမိုင်ကုန်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ယမန်နေ့ညပိုင်းတွင် ပစ်ခတ်ခဲ့ရာ အမျိုးသမီးတစ်ဦး အပါအဝင်သုံးဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံက ပြောသည်။
“လှိုင်၀ အမြောက်တပ်က လှမ်းထုတာ။ လူသုံးဦး ထိခိုက်ဒဏ်ရာရတယ်”ဟု ဒေသခံက ပြောသည်။
ဇွန်လ ၉ရက် ည ၉နာရီခွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အသက် (၄၂)နှစ်အရွယ်ရှိ ဒေါ်မှူးလုံးဆိုသူမှာ ညာဘက် နားထင်၌ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ထို့ပြင် အသက် (၃၂)နှစ်အရွယ်နှင့် အသက် (၂၉)နှစ်အရွယ် အမျိုးသားနှစ်ဦးလည်း ဒဏ်ရာရခဲ့သည်ဟု ဒေသခံက ပြောသည်။
စစ်ကောင်စီ၏ အမှတ်(၁၂) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၁၂) လက်အောက်ခံ လှိုင်၀ အမြောက်တပ်သည် ဇွန်လ ၇ရက် နံနက်ပိုင်းကလည်း ကော့ကရိတ်မြို့နယ် ရွာတန်းရှည်ကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အသက်(၁၂)နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ရပြီး ၎င်း၏ မိခင်နှင့် ညီမငယ် အသက် (၄)နှစ်အရွယ်တို့ ဒဏ်ရာရခဲ့သည်။
ကော့ကရိတ်မြို့နယ်၌ လတ်တလော တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်ခြင်း လေကြောင်း တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေသည်ဟု ဒေသခံက ပြောသည်။
အဆိုပါ ဒေသသည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်း၌ တည်ရှိသည်။
အာဏာသိမ်းစစ်ကောင်စီတပ်များ ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများ နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့်အပြစ်မဲ့ ပြည်သူလူထုများ နေ့စဉ်နှင့်အမျှ အသက်ဆုံးရှုံးထိခိုက်နေကြရပြီး ပြည်သူပိုင် အိုးအိမ်ပစ္စည်းပေါင်းများစွာလည်း ပျက်စီးဆုံးရှုံးနေကြရကြောင်း KNUက ထုတ်ပြန်ထားသည်။