မြိတ်- ပုလောကားလမ်းမကြီးကို ည ၇ နာရီကနေ မနက် ၄ နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုဖို့ မြိတ်ခရိုင်တပ်ရင်း(၁)ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီကနေ့ စာထုတ်ပြီး မေတ္တာရပ်ခံလိုက်ပါတယ်။
ပုလောမြို့နယ်ထဲက အဝေးပြေးလမ်းမကြီးတလျှောက်နဲ့ အနီးအနားဝန်းကျင်မှာ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြားစစ်ရေးတင်းမာမှုမြင့်တက်နေလို့ အခုလိုအသိပေးမေတ္တာရပ်ခံရတာဖြစ်တယ်လို့ မြိတ်ခရိုင် တပ်ရင်း ၁ ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ပြောပါတယ်။
“ကြဲ၊ ပလဘက်တွေမှာ စစ်ကောင်စီဘက်က အင်အားဖြည့်တင်းတာတွေရှိတယ်။ သူတို့ဘက်က စစ်ကြောင်းလှုပ်ရှားမှုတွေ တွေ့နေရတယ်ခင်ဗျ။ အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားပါ။” လို့ ရဲဘော်အာနိုးကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းလှုပ်ရှားမှုတွေရှိတဲ့အချိန်တိုင်း ခရီးသွားတွေ၊ ခရီးသည်တင်ယာဥ်တွေနဲ့အိမ်စီးကားတွေကို လူသားဒိုင်းကာအနေနဲ့ အသုံးချဖမ်းဆီးတာ၊ အရပ်သားအဖြစ်အသွင်ယူဖမ်းဆီးတာတွေ လုပ်ဆောင်လေ့ရှိတာကြောင့် အခုလိုအသိပေးချက်ထုတ်ပြန်ရတာဖြစ်တယ်လို့ ရေးသားထားပါတယ်။
စစ်ရေးအခြေအနေအရ ခရီးသွားပြည်သူတွေရဲ့ လုံခြုံရေးအတွက်အခုလိုထုတ်ပြန်လိုက်တာဖြစ်ပြီး နောက်ထပ်အသိပေးချက် မထုတ်ပြန်ခင်အချိန်ထိ လိုက်နာပူးပေါင်းပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
ပုလောနဲ့ တစ်ဆက်တည်းရှိနေတဲ့ သရက်ချောင်းမြို့နယ်မှာလည်း မြိတ်-ထားဝယ်ကားလမ်းမကိုတော့ ည ၉ နာရီကနေ မနက် ၆ နာရီအတွင်း အသုံးပြုသွားလာတာမလုပ်ဖို့ သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ကြေညာထားပါတယ်။