မန္တလေးတိုင်း၊ မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို စစ်ကောင်စီတပ်နှင့် အကျဉ်းဦးစီးဌာနဝန်ထမ်းများက ဥပဒေမဲ့နှိပ်စက်ညှင်းပန်းမှုများ ကျူးလွန်သည့်အပြင် ထောင်ပြင်ပရှိ စစ်ကောင်စီ၏စစ်ကြောရေးသို့ မတရားခေါ်ဆောင်ကာ ရိုက်နှက်စစ်ဆေးခဲ့ပြီး ဆေးကုသခွင့်မရဘဲ ထောင်ဝင်စာနှင့် ပြင်ပမှ ဆေးဝါးများ ပေးပို့ခွင့်ကိုပါ ကန့်သတ်ထားကြောင်း ထောင်အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံက သိရသည်။
မြင်းခြံထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၁၁ ဦးကို ခြေမြန်တပ်ရင်း-ခမရ (၁၅) သို့ ဥပဒေမဲ့ခေါ်ဆောင်ခံရကာ ရိုက်နှက်စစ်ဆေးခြင်းခံခဲ့ရပြီး အခြားဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသား ၇၀ ခန့်ကိုလည်း အကြောင်းပြချက်မရှိဘဲ ထောင်ပိုင်ကြီးရုံးခန်းသို့ ခေါ်ယူ ရိုက်နှက်ခြင်းများရှိသည်ဟု အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body – GSCB) က ဇွန်လ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
“နောက်ဆုံးသိရသလောက်တော့ ခဏခဏခေါ်ထုတ်ပြီး ရိုက်နှက် စစ်ဆေးခံရတာတွေ ရှိတယ်လို့ သိရတယ်။ ရေချိုးတဲ့အချိန်ပဲ အဆောင်အပြင် ထွက်ခွင့်ပေးတာ ရှိတယ်။ ရိုက်နှက်စစ်ဆေးခံရတဲ့အထဲမှာ သူလည်းပါနိုင်တာကြောင့် စိတ်ပူလို့ ဆေးတွေယူပြီး ထောင်ဝင်စာ သွားတွေ့တာလည်း တွေ့ခွင့်မရခဲ့ပါဘူး” ဟု မြင်းခြံထောင်တွင် မတရား ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
ခမရ ၁၅ သို့ မတရားခေါ်ဆောင်ခံရသည့် နိုင်ငံရေးအကျဉ်းသားများမှာ ခန္ဓာကိုယ် အနှံ့ ပြတ်ရှဒဏ်ရာများအပြင် သွားများကျိုးပဲ့သည်အထိ ရိုက်နှက်နှိပ်စက်ခံခဲ့ရ သော်လည်း ဆေးကုသမှုခံယူခွင့် လုံးဝ မရှိသောကြောင့် ထိုဖြစ်ရပ်ကို ကန့်ကွက်သည့်အနေဖြင့် ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများက မေလ ၂၂ ရက်နေ့မှစတင်ကာ အစာငတ်ခံ ဆန္ဒပြမှုများ ရှိခဲ့သည်။
လက်ရှိကာလတွင် သတင်းအမှောင်ချထားခြင်းခံရသည့် မြင်းခြံထောင်တွင် စစ်ကိုင်း တိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်အပါအဝင် တောင်သာ၊ မုံရွာ၊ မန္တလေး စသည့် ဒေသများမှ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ရှိကြောင်း သိရသည်။