ရခိုင်ပြည်နယ်က ဆိုင်ကလုန်း မုန်တိုင်း မိုချာ ဘေးသင့် ပြည်သူတွေကို “ဝ” ပြည်နယ် အစိုးရနဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ-FPNCC က ဒီကနေ့ ဇွန်လ ၁၀ ရက်မှာ ကျပ်သိန်းတစ်သောင်းခွဲ လှူဒါန်းခဲ့တယ်လို့ အာရက္ခ အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ကော်မတီက ထုတ်ပြန်ပါတယ်။
“ဝ” ပြည်နယ်၊ ပန်ခမ်းမြို့မှာ ဦးကျောက်ကော်အန်း က FPNCC နဲ့ “ဝ” ပြည်နယ်အစိုးရ ကိုယ်စား အလှူငွေ ပေးအပ်ခဲ့ပြီး Cyclone Mocha ERRCA ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာညိုထွန်းအောင်၊ Humanitarian and Development Coordination Office (HDCO) အကြီးအကဲ ဦးထွန်းမင်းနိုင် တို့က လက်ခံခဲ့တယ်လို့ ဆိုပါတယ်။
အခုလို မုန်တိုင်းသင့် ပြည်သူတွေကို လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ပေးအပ်တဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မတ်လလယ်က အင်အားပြင်းထန်တဲ့ ဆိုင်ကလုန်း မုန်တိုင်း မိုချာ စစ်တွေမြို့အနီးကနေ ကုန်းတွင်း ဖြတ်ကျော် ဝင်ရောက်ခဲ့တာကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ တစ်ခုလုံးက ပြည်သူ တစ်သန်းခွဲကျော် မုန်တိုင်းဒဏ် ခံခဲ့ရပါတယ်။
စစ်ကောင်စီက မုန်တိုင်းဒဏ်သင့် ဒေသတွေ အတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အတွက် ခေါင်းစဉ်တပ် အလှူခံနေပေမယ့် အလှူငွေနဲ့ ပစ္စည်းတွေ ပြည်သူတွေထံ ရောက်သင့်သလောက် မရောက်ဘူးလို့ မြေပြင်မှာ လက်တွေ့ ကူညီနေတဲ့ အဖွဲ့အစည်း တစ်ခုက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ က ပြည်နယ် အတွင်း ခရီးသွားလာခွင့် ပိတ်ပင်လိုက်တာကြောင့် လူမှုကူညီရေးအသင်းတွေ၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ ပေးအပ်နေတဲ့ အဖွဲ့အစည်းတွေ သွားလာခွင့် မရတော့လို့ ပြည်သူတွေ စားနပ်ရိက္ခာ ပြတ်တောက်မဲ့ အရေးနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသတွင်း ကူညီနေသူတွေက မှတ်ချက်ပြုထားပါတယ်။