မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ (၆၃)လမ်း၊ (၃၄)လမ်းနဲ့ (၃၅)လမ်းကြားက မန္တလေးတိုင်း မြန်မာ့အာမခံလုပ်ငန်းကို မနေ့က ဇွန်(၁၀)ရက် နေ့လည်ပိုင်း ဗုံးထု တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကျား No More Dictatorship People Defence Force – NMD က သတင်း ထုတ်ပြန်ပါတယ်။
စစ်အုပ်စုအတွက် ငွေရှာပေးနေတဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် မြန်မာ့အာမခံရုံးကို ဗုံးထုတိုက်ခိုက်တာလို့ ဆိုပါတယ်။
“ချမ်းအေးသာစံမြို့နယ် (၆၃)လမ်း၊ (၃၄)လမ်းနှင့် (၃၅)လမ်းကြားရှိ မြန်မာ့အာမခံရုံးအား ကျွန်တော်တို့ “No More Dictatorship People Defence Force _ NMD” အဖွဲ့မှ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပါသည်။ ရုံးအဆောက်အဦးနှင့် ရုံးအတွင်း ရပ်ထားသော ကားတစ်စီး ထိခိုက်ပျက်စီးပြီး အဆိုပါကားမှာ စကစ ဒေါက်တိုင် ဝန်ထမ်း၏ကား ဖြစ်သည်ဟု သတင်းရရှိပါသည်။ (ကညန) လိုင်စင် သက်တမ်းတိုးရာတွင် အရေးပါသော ရုံးဖြစ်ပြီး စကစအား အခွန်ငွေ အဓိက ရှာပေးနေသော ရုံးတစ်ရုံး ဖြစ်ပါသည်။ အသေးစိတ် အထိအခိုက်စာရင်းကို အတည်ပြုဆဲဖြစ်ပါသည်။ UG များ၏ လုပ်ငန်းစဉ်များထဲမှ တစ်ရပ်ဖြစ်သည့် စကစ ဒေါက်တိုင် ရုံးများအား တိုက်ခိုက်ခြင်းကို လုပ်ဆောင်မည် ဖြစ်ပါ၍ အဆိုပါရုံးများနှင့် ဝေးဝေးနေကြပါရန် အသိပေးအပ်ပါသည်” လို့ No More Dictatorship People Defence Force တာဝန်ခံ Zeus က ဆိုပါတယ်။
မန္တလေးတိုင်း မြန်မာ့အာမခံလုပ်ငန်းရုံးကို PDF နှစ်ဦးက ဆိုင်ကယ်နဲ့ လာပြီး ဗုံးထု သွားတာဖြစ်ကြောင်းနဲ့ ပေါက်ကွဲမှုကြောင့် ရုံးဝင်းအတွင်း ရပ်ထားတဲ့ ယာဉ်အမှတ် NPW-3၊4P/—-၊ HIACE၊ 14 Seater (ဌာနပိုင်)ကား နောက်မှန်ကွဲကာ ရုံးမှန်တံခါး လေးချပ် ကွဲပျက်ခဲ့တယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
အာမခံရုံး ဗုံးထုခံရပြီးနောက် စစ်အုပ်စု ကားနှစ်စီးနဲ့ရောက်လာကာ အော်ဟစ်ဆဲဆို သောင်းကျန်းနေတယ်လို့ ဆိုပါတယ်။
မန္တလေးမှာ စစ်အုပ်စုက ရပ်ကွက်တွေ၊ လမ်းတွေကို ပိတ်ဆို့စစ်ဆေးနေပြီး ပြည်သူကို ငွေညှစ်နေသလို တော်လှန်ရေးနဲ့ ဆက်စပ်သူတွေကို ဥပေးမဲ့ ထင်တိုင်းကျဲ ဖမ်းဆီးသတ်ဖြတ်နေတဲ့ကြားက မြို့ပြပြောက်ကျား တိုက်ခိုက်မှုတွေ ဆက်လက် ပေါ်ပေါက်နေဆဲ ဖြစ်ပါတယ်။