အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရန်ကုန်အခြေစိုက် တပ်ရင်း ၇၀၄ က စစ်ကိုင်းတိုင်း၊ ပုလဲမြို့အနောက်တောင်ဘက်က ကျေးရွာတွေကို ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေပြီး စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၁သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုလဲမြို့ပေါ်မှာ ညအိပ်ရပ်နားခဲ့တဲ့ အင်အား ၁၂၀ ဝန်းကျင်ပါတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ ပုလဲမြို့ပေါ်ကနေ စတင်ထွက်ခွာခဲ့ပြီးနောက် ဒီနေ့မနက် ၇နာရီ ၄၀မိနစ်ဝန်းကျင်မှာ ပုလဲ -ဂန့်ဂေါ ကားလမ်းတောင်ဘက် ဇောင်ချမ်းကုန်းရွာကို ၂ဖွဲ့ခွဲဝင်ရောက်ခဲ့ပြီးနောက်ပြည်သူပိုင်ပစ္စည်းတွေကို ရှာဖွေယူဆောင်သွားကြတယ်လို့ သိရပါတယ်။
အဲဒီအကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ဒေသခံ ကျေးရွာတွေဖြစ်တဲ့ ကံကြီး၊မကျီးခွ၊ညောင်ကုန်း၊ဖိုကုန်း၊ညောင်ကန်၊ ဇောင်ချမ်းကုန်း၊ကျွန်းဘိုကုန်း၊ကံပေါက် ကျေးရွာတို့က ပြည်သူ ၁၀၀၀၀ ကျော်မှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
လက်ရှိမှာ အဲဒီစစ်အုပ်စုဟာ ဇောင်ချမ်းကုန်း-ကျွန်းဖိုကုန်း- နွယ်ရှောက်ရွာကနေ အင်ကြင်းစုကျေးရွာအနီးကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
ပုလဲနယ်ထဲစစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်မှာ ရန်ကုန်အခြေစိုက် တပ်ရင်း ၇၀၄ ဖြစ်ပြီး တပ်ရင်းမှူး နိုင်ဇော်ထွန်း ဦးဆောင်းတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကြောင်း ထိုးလာတဲ့အချိန်တိုင်းမှာ ကျေးရွာတွေက ပြည်သူပိုင် ပစ္စည်းတွေကို လုယူသွားတာတွေ ရှိနေပြီး အင်မထီးပျူရွာက အကြမ်းဖက်စစ်တပ်နဲ့ ပျူတွေဟာ ရိက္ခာပြတ်လပ်နေတဲ့အခြေအနေရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ရွာနဲ့ကျော်ရွာတို့က ဖမ်းဆီးခဲ့တဲ့ ဓါးစားခံ ၁၃ ယောက်ကို အကြမ်းဖက်စစ်တပ်က ဇွန် ၁၀ရက်နေ့က ပုလဲမြို့နယ်အရောက်မှာ လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။