ဧပြီလအတွင်းက စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တဲ့အတွက် လူအစုလိုက်သေဆုံးခဲ့တဲ့ ပဇီကြီးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး ဝမ်းနည်းကြောင်းအနက်ရောင် ပရိုဖိုင်ပြောင်းလဲခဲ့တဲ့ သရုပ်ဆောင် မေပန်းချီကို အခုရက်ပိုင်းမှာ စစ်ခုံရုံးက ထောင် ၃ နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူတွေနဲ့ ပတ်သက်ပြီး နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပြည်သူတွေ ပြစ်မှုကျူးလွန်စေဖို့အတွက် မမှန်သတင်းတွေ ရေးသား ဖြန့်ဝေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက အမှုဖွင့်အရေးယူခဲ့တာပါ။
မေပန်းချီနဲ့ ရွှေရည်သိန်းတန် ၂ ဦးကို စစ်ကောင်စီက မြောက်ဒဂုံရှိ သူတို့ နေထိုင်ရာ နေအိမ်တွေမှာ ဖမ်းဆီးခဲ့ပြီးနောက် မြောက်ဒဂုံရဲစခန်းမှာ အမှုဖွင့်ထားသလို ဦးကျော်မင်းဆွေ ကိုလည်း စမ်းချောင်းမြို့နယ် နေအိမ်မှာ လာရောက် ဖမ်းဆီးခဲ့ပြီးနောက် စမ်းချောင်း ရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
ဧပြီလနောက်ဆုံးပတ်က စစ်ကောင်စီလော်ဘီချယ်နယ်တွေရဲ့ ဖမ်းဆီးဖို့ နှိုးဆော်မှုတွေအပြီးမှာ သရုပ်ဆောင်မော်ဒယ်မေပန်းချီ၊ The Voice ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၊ အဆိုတော်ရွှေရည်သိန်းတန်၊ အဆိုတော်မြတ်သူသူ၊ အဆိုတော်မေလသံစဉ်တို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
မေပန်းချီကတော့ မြောက်ဒဂုံရှိ နေအိမ်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး သူ့ကို စစ်ကောင်စီကထောင် ၃ နှစ်ချမှတ်လိုက်ပြီးနောက် ဖမ်းဆီးခံထားရသူတွေ အကုန်လုံးကိုလည်း ၅၀၅ (က) နဲ့တရားစွဲထားတာဖြစ်တယ် လို့ တရားရုံးနဲ့ နီးစပ်သူကပြောပါတယ်။