စစ်ကိုင်း၊ ဆားတောင်မြို့ပေါ်သို့ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးနှင့်တပ်ဖွဲ့ဝင်များ လက်နက်အပြည့်အစုံဖြင့် သွားလာခဲ့ပြီး စစ်တပ်နှင့်ရဲများ ကတုတ်ကျင်းနှင့်ဘန်ကာထဲမှ ထွက်မလာတော့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၆ ရက်နေ့တွင် ဆားတောင်မြို့ပေါ်နှင့်စျေးထဲသို့ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးနှင့်တပ်ဖွဲ့ဝင်များ တက်ရောက် လှည့်လည်ခဲ့ခြင်းဖြစ်ကြောင်း၊ မကြာမီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ မြို့ပြ ဒေသများဆီသို့ ချီတက်လာနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“ကျနော် ဆားတောင်မြို့ပေါ်ကို အခုအချိန်တက်တာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပထမအကြိမ် တုန်းက ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာတုန်းက မြင်းမူမြို့ပေါ်ကိုလည်း ကျနော် ဒီလက်နက်ကိုင်ပြီးတော့ သွားဖူးပါတယ်။ သေချာတာက တစ်ခုကတော့ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ရောက်လာပြီဆိုလို့ရှိရင် ဒီကောင်တွေ ဆောက်တည်ရာမရ ကတုတ်ကျင်းတဲ့ ဝင်တာတွေ၊ ဘန်ကာတွေထဲ ပြေးဝင်တာတွေက ကျနော်တို့ ကင်းထောက်တွေရဲ့ ပြောပြချက်အရ ကျနော်တို့ သိရပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ မွန်းကျပ်နေတဲ့ ပြည်သူတွေကို အားပေးတဲ့ ပုံစံမျိုးလည်းဖြစ်သလို နောက်တစ်ချက် တော်လှန်ရေးကြီး ဘယ်အချိန်ပြီးမှာလဲလို့ မေးနေတဲ့ သူတွေအတွက် Message တစ်ခုပေးတာဖြစ်ပါတယ်။ ဒီဆားတောင်ဆိုတာက စစ်ကိုင်းနဲ့ လက်တစ်ကမ်းမှာ ရှိသလို မန္တလေးနဲ့ ခဏတာ သွားရတဲ့ခရီးပါ။ မကြာခင် ကျနော်တို့တွေ ဒီလို မြို့တွေကိုလည်း ရောက်လာနိုင်လိမ့်မယ်လို့ ကျနော် Message ပေးခြင်းဖြစ်ပါတယ်။ ပြည်သူတွေ ဘာလိုချင်နေတယ်ဆိုတာ သိပါတယ်။ ပြည်သူတွေလိုချင်တဲ့အရာတွေ ရယူပေးနိုင်ဖို့အတွက် ကျနော်တို့ ဆက်လက် ကြိုးစားသွားမှာပါ” ဟု Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။