ဒေသတွင်းနယ်မြေမငြိမ်မသက်မှုများကြောင့် ကျေးရွာအချို့ တိမ်းရှောင်နေကြရသည့်ကြားက စစ်ကိုင်းတိုင်း ယင်းမာပင်ဒေသတွင် တော်လှန်ပြည်သူများ ဦးဆောင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ကျေးရွာလူထုသပိတ်စစ်ကြောင်း ယနေ့(ဇွန်လ ၁၂) နံနက်က ချီတက်ဆန္ဒပြခဲ့ကြသည်။
ယင်းသပိတ်တွင် ဆန္ဒပြပြည်သူများက “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” ဆိုသည့် ဘန်နာစာသား ကိုင်ဆောင်၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း၊ စစ်ကောင်စီက ပြုလုပ်ရန် စီစဥ်နေသည့် အတုအယောင်ရွေးကောက်ပွဲကို အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
ယင်းမာပင်နှင့် ဆားလင်းကြီး ရွာပေါင်းစုံသပိတ် စစ်ကြောင်းသည် စစ်အာဏာရှင်ကို နေ့စဥ်မပြတ် ဆန္ဒပြလျက်ရှိပြီး ယနေ့တွင် ရက်ပေါင်း (၈၁၄)ရက်မြောက် အဖြစ် ချီတက်ခဲ့ကြခြင်း ဖြစ်သည်။