မန္တလေးမြို့ ရှိရွှေဆိုင်များနှင့်ရွှေသန့်စင်လုပ်ငန်းများတွင် ပြည်ပမှတရားမဝင်ရွှေတင်သွင်းခြင်းနှင့်တင်ပို့ခြင်းများ ဆောင်ရွက်နေသည်ဟုဆိုကာ ဖမ်းဆီးအရေးယူရန် စစ်ကောင်စီက ပြင်ဆင်နေကြောင်း မန္တလေးရွှေအသိုင်အဝိုင်းမှစုံစမ်းသိရသည်။
စစ်ကောင်စီ၏ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီတွင်ပါဝင်သောစစ်ကောင်စီဗဟိုဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစသည်တို့အပါအဝင် ထိုကော်မတီအဖွဲ့ဝင်များက ဇွန် ၁ ရက်နှင့် ၂ ရက်တွင်မန္တလေးသို့သွားရောက်စစ်ဆေးခဲ့ပြီးထိုသို့ တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
မန္တလေးရွှေဆိုင်များသည် တရားမဝင်ရွှေတင်ပို့၊တင်သွင်းရုံသာမက တရားမဝင် နိုင်ငံခြားငွေလဲလှယ်ခြင်းများကိုပါ ဆောင်ရွက်နေသည်ဟု စစ်ကောင်စီစွပ်စွဲထားသည်။
၎င်းတို့ကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ အပြင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေများဖြင့် အရေးယူမည်ဟု စစ်ကောင်စီကခြိမ်းခြောက်ထားသည်။
“စီးပွားရေးလုပ်ငန်းတွေကိုအမိန့်အာဏာနဲ့ဖိအားပေးထိန်း
ချုပ်တိုင်း ထွက်ပေါက်ရှာပြီး ရုန်းကန်ကြတာ ထုံးစံအတိုင်းပါပဲ။ ဒါကို ကြမ်းကြမ်းတမ်းတမ်းကိုင်ကြမယ်ဆိုရင် စီးပွားရေးလုပ်ငန်းတွေပျက်စီးတာပဲ အဖက်တင်လိမ့်မယ်”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။
စစ်ကောင်စီက ရွှေဈေးဆက်တိုက်တက်လာပြီးနောက် ရွှေလုပ်ငန်းများကို ပြသနာရှာနေခြင်းကြောင့် မေလနောက်ဆုံးပတ်မှ စ၍ ရွှေအရောင်းအဝယ်များကို ရပ်ဆိုင်းထားသည်ဟု ရွှေလုပ်ငန်းရှင်များကပြောသည်။
လက်ရှိတွင်ရွှေတစ်ကျပ်ကို ၃၁ သိန်းဝန်းကျင်ရှိသည်။ စစ်ကောင်စီလက်အောက်ရှိ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၃ သိန်းဖြင့်သာရည်ညွှန်းဈေးသတ်မှတ်ထားသည်။
ယခုရက်ပိုင်းတွင်ရန်ကုန်မြို့ရှိရွှေဆိုင်အများစုမှာ ရွှေရောင်းပါကကျပ် ၃၁သိန်း ဖြင့်ရောင်းချပြီး၊ ဆိုင်ကပြန်ဝယ်ယူပါက ၂၉ သိန်းဝန်းကျင်ဖြင့် ပြန်လည်ရောင်းချနေသည်ဟု ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။