ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ လှည်းတန်း (၇) လမ်းနဲ့ ထန်းထပင် လမ်းဆုံမှာ ဇွန်လ ၁၁ ရက်နေ့ ညပိုင်းက စစ်ကား ၃ စီးနဲ့ အလုပ်က ပြန်လာတဲ့ လူငယ် ၃ ဦးကို ဖမ်းဆီးပြီး တစ်ဦး ၅ သိန်းကျပ်နဲ့ ညတွင်းချင်း ပြန်ရွေးခိုင်းခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
လက်ရှိ ကမာရွတ်မြို့နယ်မှာ စစ်တပ်က နေ့စဉ် ရှောင်တခင် စစ်ဆေးမှုတွေ ဆက်တိုက်လုပ်နေပြီး ဖုန်းထဲရှိ ဓါတ်ပုံများ၊ ဖိုင်များနဲ့ တော်လှန်ရေးသတင်းများ တင်လေ့ရှိတဲ့ သတင်းစာမျက်နှာများ အထိပါ စစ်ဆေး ဖမ်းဆီး၊ ခြိမ်းခြောက် ငွေညှစ်မှုများ လုပ်ဆောင်နေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
“၁၁ ရက်နေ့ ည အဖမ်းခံရတဲ့ အချိန်က ည ၁၀ နာရီကျော်အချိန်လောက် ဖြစ်သွားတာ။ ဧည့်စာရင်း အယောင်ပြ လာစစ်ပြီး အလုပ်က ပြန်လာတဲ့ ကလေးတွေ ဖမ်းခံရတာ။ တစ်ယောက် ၅ သိန်း ညတွင်းချင်း လာမရွေးရင် နောက်နေ့ ဘယ်ရောက်မလဲ မသိတော့ ရွေးရတာ။ ကမာရွတ် လာမယ်ဆို သတိထားပြီး သွားလာကြပါလို့ မှာချင်တယ်” လို့ မြို့နယ်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။
အလားတူ ဇွန်လ ၁၂ ရက်နေ့၊ ည ၈ နာရီ ဝန်းကျင်က ကမာရွတ်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အင်းစိန်လမ်းမနဲ့ ပြည်လမ်းမ ဆုံရာ လှည်းတန်းလမ်းဆုံ ဘန်ကာ အနီး ဖြတ်သွားဖြတ်လာ ပြည်သူတွေရဲ့ ဖုန်းတွေကို စစ်ဆေးပြီး လူငယ် အမျိုးသား တစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။