နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၇၈ နှစ်ပြည့် မွေးနေ့တွင် ပန်းသပိတ်ပြုလုပ်မည် ဖြစ်ပြီး ပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်ကြောင်း သပိတ် အင်အားစုများထံမှ သိရသည်။
မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဓမ္မ ဖမ်းဆီးခံထားရသည့် သောင်းနှင့်ချီသည့် ရဟန်းရှင်လူ ကျောင်းသားပြည်သူ နိုင်ငံရေးအကျဥ်းသားများကို ဂုဏ်ပြုလေးစား၊ အောက်မေ့သောအားဖြင့်လည်းကောင်း၊ တော်လှန်ရေးသမိုင်းအဆက်ဆက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းရွက်နေကြသည့် အမျိုးသမီးထု၏ ဂုဏ်ရည်ကို ဖော်ညွှန်းသောအားဖြင့်လည်းကောင်း ပန်းသပိတ်ကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ပန်းသပိတ်တွင် ပါဝင်လိုသော ပြည်သူများသည် ဘုရားပန်းအိုး အသစ်တင်ခြင်း၊ အိမ်တွင်းအိမ်ပြင်၊ အိမ်ရှေ့တိုင်းတွင် ပန်းများထိုးခြင်း၊ ပန်းအလှများ ချိတ်ဆွဲပြင်ဆင်ခြင်း စသည့် ပန်းများကို အလှဆင်ယင်ခြင်းဖြင့် Online ကော offline ပါ ပါဝင်လုပ်ဆောင်နိုင်ကြမည်ဖြစ်သည်။
ထို့ပြင် လမ်းမထက်တွင် နိစ္စဓူဝ လှုပ်ရှားသွားလာကြသည့် အမျိုးသမီး၊ အမျိုးသား ပြည်သူအားလုံးမှ ပန်းပန်ခြင်း၊ ရင်ဘတ်တွင် ပန်းထိုးခြင်းများလည်း လုပ်ဆောင်နိုင်ပြီး ပန်းနှင့် ပတ်သက်ဆက်နွှယ်သည့် လှုပ်ရှားမှုမျိုးစုံကို ဉာဏ်ရှိသလို ဆန်းသစ် တီထွင် ကွန့်မြူးပြီး ဖော်ဆောင်နိုင်ပြီး ပန်းအမျိုးအစားကိုတော့ ကန့်သတ်မထားဘဲ အဆင်ပြေရာ လုပ်ဆောင်နိုင်ကြောင်း သိရှိရသည်။
ဒီပန်းသပိတ်လှုပ်ရှားမှု၏ အဓိပ္ပာယ်သည် ပြည်သူလူထုအနေနှင့် စစ်အာဏာရူးများ၏ ရက်စက်ယုတ်မာ အကြမ်းဖက်မှုများကြောင့် ကြောက်ရွံ့၊ သွေးပျက်၊ ချောက်ခြားပြီး တော်လှန်ရေးတွင် နောက်ဆုတ်ခြင်း၊ ဇွဲလျှော့ခြင်း၊ သွေးအေးခြင်းများ ဖြစ်သွားမည်မဟုတ်ဘဲ စစ်မိစ္ဆာများကို ဆက်လက်၍ အစွမ်းကုန် ရင်ဆိုင်တိုက်ပွဲဝင်သွားမည်ဟု ရည်ရွယ်သည့်အနေနှင့် ပြည်သူများ မည်သို့ပင် ဒုက္ခဆင်းရဲမျိုးစုံကို ခံနေရပါစေ၊ အာဏာရူးကို မောင်းထုတ်ရန် ကြံ့ကြံ့ခံလျက်ပဲ၊ ပန်းပန်လျက်ပဲဆိုသည်ကို ဖော်ညွှန်းခြင်း ဖြစ်ကြောင်း၊ ဇွန် ၁၉ ရက် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကို ကမ္ဘာကရောမြန်မာပြည်သူများကပါ ပန်းနှင့်တွဲလျက် ရှုမြင်ကြ၍ ၎င်း၏ မွေးနေ့တွင် ပန်းသပိတ်ဖော်ဆောင်ရန် ဖြစ်ကြောင်း သိရှိရသည်။