ထိုင်း-ကရင်နီ နယ်စပ်က စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းကို အလုံးစုံ သိမ်းပိုက်နိုင်ပြီလို့ တိုးတက်သော ကရင်နီ ပြည်သူ့ အင်အားစု-PKPF က ဒီကနေ့ အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။
ထိုင်း-ကရင်နီ နယ်စပ်က စစ်ကောင်စီတပ် စခန်းတွေဖြစ်တဲ့ BP-14၊ 15၊ 16 နဲ့ မယ့်စဲမြို့မရဲစခန်း၊ BP-16 တောင်လှရဲစခန်းတို့ကို KNDF တပ်ဖွဲ့နဲ့ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၃ ခုတို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ KNDF ရဲဘော် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
“ဟုတ်ပါတယ်။ကျွန်တော်တို့ KNDF တပ်ရင်း တစ်ချို့နဲ့ ဒေသခံ အတွေ့အကြုံရင့် EAOs ၃ ဖွဲ့ပူးပေါင်းပြီး 4K တပ်ပေါင်းစု အနေနဲ့ တိုက်ခိုက်ခဲ့တာပါ။ စကစ ဂိတ်စခန်းတွေဖြစ်တဲ့BP 14၊ BP 15၊ BP 16 ရဲ့စခန်းဖြစ်တဲ့ တောင်လှရဲစခန်းနဲ့ မယ်စဲ့မြို့မရဲစခန်းကို သိမ်းနိုင်ခဲ့တာပါ။ အလုံးစုံ သိမ်းနိုင်ပြီလို့ ပြောလို့ရပါတယ်။ စစ်ကောင်စီတပ်သား အသေအပျောက်များတယ်။ လက်နက်တွေလည်း တော်တော်ရထားတယ်။ အတိအကျ ကိုတော့ သက်ဆိုင်ရာ အဖွဲ့တွေ ထုတ်ပြန်တာကို စောင့်ပေးပါခင်ဗျာ” လို့ သူကပြောပါတယ်။
ဒီစခန်းသိမ်း တိုက်ပွဲတွေကို အတွေ့အကြုံရင့် EAOs အဖွဲ့ ၃ ခုနဲ့ ပူးပေါင်း တိုက်ခဲ့တာဖြစ်ပြီး အခုလို တိုက်ပွဲတွေ ဆက်လက် ဖော်ဆောင်မယ်လို့ KNDF ရဲဘော်က ပြောဆိုပါတယ်။
မယ့်စဲ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဇွန်လ ၁၃ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ရာ စခန်းမှူး အပါအဝင် ၂၀ ဦးထက်မနည်း သေပြီး လက်နက်ခဲယမ်းတွေ ရခဲ့တယ်လို့ မဲခေါင်သတင်းဌာနရဲ့ သတင်းရင်းမြစ်က အတည်ပြု ပြောပါတယ်။
စစ်တပ်ဝါဒဖြန့် ချန်နယ်တွေကတော့ ထိုင်း-ကရင်နီ နယ်စပ် စခန်းတွေ အသိမ်းခံရတာ မဟုတ်ဘဲ ပြည်သူ့ကာကွယ်ရေးတပ်တွေ အကျအဆုံး များစွာနဲ့ ဆုတ်ခွာသွားတယ်လို့ ဝါဒဖြန့် ရေးသားနေဆဲ ဖြစ်ပါတယ်။
ထိုင်း-ကရင်နီ နယ်စပ်က အရေးပါတဲ့ စခန်းတွေဖြစ်တဲ့ မယ့်စဲ၊ မယ်စနယ်၊ တောင်လှစခန်းတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်အတွင်း တိုက်ပွဲ မဖော်ဆောင်နိုင်ခဲ့ဘဲ အခုလို သိမ်းပိုက်နိုင်ခဲ့တာဟာ ကရင်နီ တော်လှန်ရေး အင်အားစုတွေရဲ့ ညှိနှိုင်းဆောင်ရွက်နိုင်မှုကို ပြသနေတာ ဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပါတယ်။