ညမထွက်ရ အချိန် ကျော်လွန် ဖွင့်လှစ်နေတဲ့ ရန်ကုန်မြို့က ဘီယာဘားနဲ့ နိုက်ကလပ်တွေကို စစ်ကောင်စီက အဖမ်းပြပြီး ငွေညှစ်ကာ ပြန်လွှတ်ပေးနေတယ်လို့ ဖမ်းဆီးခံရတဲ့ လူငယ် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဇွန်လ ၁၃ ရက်နေ့၊ ည ၁၁ ကျော်က မရမ်းကုန်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Honey Nest Bar ကို စစ်ကောင်စီက ဝင်ရောက် ဖမ်းဆီးပြီးနောက် ရာနဲ့ချီတဲ့ လူငယ်တွေကို ခေတ္တ နေခိုင်းထားပြီး ငွေညှစ်ကာ ပြန်လွှတ်ပေး လိုက်တယ်လို့ အဆိုပါ ဘားဆိုင်နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
“လူတွေ အယောက်ပေါင်း ရာချီပြီး ဘယ်နား ဖမ်းခေါ်လို့ ရမလဲ။ ပြီးတော့ ဒီကို ရောက်နေတဲ့ အထဲမှာက အဘနဲ့ တော်စပ်သူတွေလည်း ပါတယ်လေ။ ဒီလိုအချိန် ဒီနေရာမှာ လာကဲတယ်ဆိုတာ တော်ရုံ အနေအထား လောက်နဲ့တော့ မလာကြပါဘူး။ ဆိုင်ပိုင်ရှင်တွေတောင် ဖွင့်သေးတာ၊ သွားတဲ့သူတွေကလည်း သွားမှာပဲ။ အမှုဖွင့်လည်း ပိုင်ရှင်ပဲ အမှုဖွင့် ခံရမှာလေ။ ဆိုင်ဖွင့်တဲ့ ကောင်တွေကလည်း လမ်းဘေးက လူတွေ မဟုတ်ဘူး။ နောက်ဆုံးတော့ ဖမ်းတဲ့ ကောင်တွေပဲ ထောတာပေါ့” လို့ သူကပြောပါတယ်။
Honey Nest Bar ကို စစ်ကောင်စီ ဝင်ရောက် ဖမ်းဆီးနေစဉ် မရမ်းကုန်း (၁) ရပ်ကွက်ကို စစ်တပ်က ဧည့်စာရင်း ဝင်ရောက် စစ်ဆေးခဲ့ပြီး ဖမ်းဆီးခံခဲ့ရသူ မရှိဘူးလို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
အခုလ အတွင်း စစ်ကောင်စီက နိုက်ကလပ်နဲ့ ဘားတွေ ည ၁၁ နောက်ပိုင်း မဖွင့်ဖို့ အမိန့်ထုတ်ကာ ရှောင်တခင် ဝင်ရောက် စစ်ဆေး ဖမ်းဆီးတာတွေ ရှိနေပေမယ့် အမှုဖွင့် အရေးယူတာ မလုပ်ဘဲ ဖမ်းမိသူတွေကို ငွေညှစ်ပြီး ပြန်လွှတ်ပေးနေတယ်လို့ သိရပါတယ်။