ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့သည့် အမှတ် (၄၀၂)အမြောက်တပ်မှ စစ်ကောင်စီတပ်ရင်းမှူးသည် ယမန်နေ့တွင် သေဆုံးသွားပြီဖြစ်ကြောင်း KNLA တပ်မဟာ(၁) နယ်မြေခံတပ်မှူးက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေ သထုံမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်များကို ပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၇ရက်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်မှုများရှိခဲ့ပြီး အမတ(၄၀၂)မှ တပ်ရင်းမှူး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ အဆိုပါ တပ်ရင်းမှူးကို ရဟတ်ယာဉ်ဖြင့် သယ်ယူ၍ ဆေးကုသမှုပေးခဲ့သော်လည်း ဇွန်လ ၁၃ရက်တွင်သေဆုံးသွားသည်ဟု KNLA တပ်မှူးက ယနေ့ အတည်ပြုသည်
“ဟုတ်တယ်။ ၁၃/၆/၂၀၂၃နေ့မှာ နေပြည်တော်မှာဆေးကုသရင်း သေဆုံးသွားတာမှန်ပါတယ်”ဟု KNLA တပ်မှူးက ပြောသည်။
အဆိုပါ အမြောက်တပ်အပါအဝင် စစ်ကောင်စီတပ်များက ပြည်သူလူထုများကို ပစ်မှတ်ထား ပြီး လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့၍ ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။