စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ် မြို့အထွက် ဓာတ်ဆီဆိုင်အနီးမှာ ဒီနေ့လည်ပိုင်း စစ်ကားတန်းကို မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ပြီး ပြန်ဆုတ်ခွာချိန် လက်ကျန်မိုင်းတွေ ပေါက်ကွဲမှုဖြစ်လို့ တော်လှန်ရေး ရဲဘော် ခြောက်ဦး အပြင်းအထန် ဒဏ်ရာရကာ ဆေးဝါးကုသဖို့ အကူအညီ လိုအပ်နေတယ်လို့ ရွှေဘိုခရိုင် တပ်ရင်း(၂၂)က သတင်း ထုတ်ပြန်ပါတယ်။
“ဒီနေ့လည်ပိုင်း မိုင်းဆွဲပြီး အပြန်မှာ ဖြစ်တာပါ။ မိုင်းတွေက တွဲလျှက်ဆိုတော့ ထိတာ။ ဒဏ်ရာ ပြင်းထန်ပါတယ်” လို့ ရွှေဘိုခရိုင် တပ်ရင်း(၂၂) ပြန်ကြားရေး တာဝန်ခံက MFP ကို ပြောပါတယ်။
ခင်ဦးနယ်ထဲ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုကို ဒီနေ့ ဇွန်(၁၃)ရက် နေ့လည်(၁)နာရီကျော်အချိန် ရွှေဘိုခရိုင် တပ်ရင်း(၂၂)က ရဲဘော် ခုနှစ်ဦးက သွားရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကားကို မိုင်းဖောက်ခွဲပြီး ပြန်လည်ဆုတ်ခွာချိန် မိုင်းမတော်တဆဖြစ်ကာ ရဲဘော်ခြောက်ဦး ဒဏ်ရာရတာဖြစ်ပြီး ဆေးဝါးကုသဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ ရွှေဘိုခရိုင် တပ်ရင်း(၂၂) ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
“ခွေးကား မိုင်းဆွဲပြီး ပြန်ဆုတ်ရင်း မိုင်း accident ဖြစ်သွားသော ရဲဘော် ခြောက်ယောက်အတွက် ပြည်သူများ အကူအညီ လိုအပ်နေပါတယ်ခင်မျာ။ ပြည်တွင်း ၊ ပြည်ပ ပြည်သူများ ပါဝင်ကူညီပေးဖို့ အနူးအညွတ် တောင်းဆိုအပ်ပါတယ်ခင်မျာ။ ဖြစ်စဉ်အကျဉ်း – မန်ကျီးတုံရွာမှ ထွက်လာတဲ့ခွေးစစ်ကြောင်းဟာ ခင်ဦးမြို့အနောက်ကို စတင်ထွက်လာပြီး သံလမ်းကူး၍ ကံသစ်ဘက်သို့ ဦးတည်မည်ဟုသိရသဖြင့် ခင်ဦးအထွက် ဆီပန့်ဆိုင်နားတွင် ကျတော်တို့ တပ်ရင်း(၂၂)က ရဲဘော် ခုနှစ်ယောက်ဟာ ခွေးကားlight Truck တစ်စီး မိုင်းဆွဲပြီး ပြန်ဆုတ်ခွာရင်း ကျန်မိုင်းများ ထကွဲရာ ကျွန်တော်တို့ ရင်း (၂၂)မှ ဒက်ရာ ခြောက်ယောက်ရရှိရာ စိုးရိမ်ရသဖြင့် ပုံနှင့်တကွ အလှူအပ်ခံပါတယ်ဗျာ” လို့ ရွှေဘိုခရိုင် တပ်ရင်း(၂၂)က ဖော်ပြပါတယ်။
မိုင်းမတော်တဆမှုကြောင့် ရဲဘော်တွေရဲ့ ခြေ၊လက်နဲ့ ခန္ဓာကိုယ်အနှံ့မှာ ထိခိုက်ဒဏ်ရာတွေ ရထားပြီး စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ကာ ဆေးဝါးကုသဖို့ ကူညီထောက်ပံ့လိုသူတွေ အနေနဲ့ ရွှေဘိုခရိုင် အမှတ်(၂၂)တပ်ရင်းကို ဆက်သွယ် နိုင်တယ်လို့ ဆိုပါတယ်။