မြန်မာ့ရွှေစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၃၁ သိန်းကျော်လာချိန် မန္တလေးနှင့်ရန်ကုန်တွင် ရွှေဆိုင်နှင့် ရွှေကုန်သည်တချို့ကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားကြောင်း ရွှေစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
စစ်ကောင်စီက ဇွန်လ ၁ ရက်နေ့မှ ၂ ရက်နေ့များတွင် မန္တလေးရှိ ရွှေဆိုင်များ၊အခေါက် ရွှေရောင်းချသည့် ဆိုင်တချို့ကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးရာတွင် ဒေါ်လာနှင့်ငွေကြေးကစားခြင်း၊ တရားမဝင် ရွှေ တင်သွင်း၊ တင် ပို့ခြင်း လုပ်ငန်းများ လုပ်ကိုင်ခြင်းရှိသည်ဟုဆိုကာ ရွှေဆိုင်နှင့်ရွှေကုန် သည်တချို့ကို စစ်တပ်က ဖမ်းဆီး အရေးယူခဲ့ကြောင်း ၊ အလားတူ ရန်ကုန်တွင်လည်း ရွှေကုန်သည်တချို့ကို စစ်ကောင်စီက ခေါ်ယူ စစ်ဆေးမှုများရှိနေပြီး ငွေကြေးခဝါချမှုနှင့်ပတ်သက်၍ စစ်ဆေးနေကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသည့် ရွှေဆိုင်နှင့်ရွှေကုန်သည်တချို့ကို ဆက်လက်စစ်ဆေးနေပြီး ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေနှင့်အညီ အရေးယူသွားဟု စစ်ကောင်စီဘက်က ပြောဆိုထားသည်။
စစ်ကောင်စီက ရွှေဆိုင်နှင့်ရွှေကုန်သည်တချို့ကို ဖမ်းဆီးတရားစွဲဆိုချိန်တွင် ၁၆ ပဲရည် မီးလင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၃၁ သိန်း ၃ သောင်း စျေးပေါက်လာကြောင်း ၊ အမေရိကန်ဒေါ်လာစျေးမှာလည်း တစ်ဒေါ်လာလျှင် ငွေကျပ် ၃၁၀၀ နီးပါး ရှိနေကြောင်း သိရှိရသည်။
“ဒေါ်လာက အရွက်လိုက်ဝယ်ရင်တော့ ၃၀၀၀ နဲ့ ၃၁၀၀ အကြားမှာရှိတယ်။ ရွှေစျေးကွက်မှာတော့ တစ်ဒေါ်လာ ၂၉၇၈ ကျပ်နဲ့စျေးဖြတ်ပြီး ရွှေစျေးတွက်တယ်။ အရောင်းအဝယ်ကတော့ ရွှေစျေးကွက်မှာ အရောင်းပဲများတယ်။ အဝယ်နည်းတယ်။ ဒေါ်လာစျေး တက်လို့ ရွှေစျေးလိုက်တာ” ဟု ရွှေကုန်သည်တစ်ဦးက ပြောဆိုသည်။