ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ အနီးက စစ်ရှောင်စခန်းကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ လေကြောင်းက ဗုံးကြဲပြီး ဆင့်ကွဲ လက်နက်ကြီးတွေနဲ့ ပစ်တာကြောင့် ပြည်သူ တစ်ချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေ ပျက်စီးသွားတယ်လို့ မိုးဗြဲ PDF တပ်ဖွဲ့ဝင် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မိုးဗြဲမြို့ပေါ်ကနေ ဘေးလွတ်ရာ ရှောင်တိမ်းနေတဲ့ ပြည်သူတွေ နေထိုင်ရာ စစ်ရှောင်စခန်း တစ်ခုကို မနေ့ည ၉ နာရီခွဲခန့်က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တာဖြစ်ပြီး မနက် ၂ နာရီ ဝန်းကျင်မှာ ဆင့်ကွဲ လက်နက်ကြီးတွေနဲ့ ထပ်ပစ်ခဲ့တာ ဖြစ်တယ်လို့ သူကဆိုပါတယ်။
“မနေ့ညက ဗုံးလာကြဲတယ်။ ပြီးတော့ မနက် ၂ နာရီလောက်က ဆင့်ကွဲ လက်နက်ကြီးတွေနဲ့ ၁၅ ကြိမ် ၁၆ ကြိမ်လောက်ရှိမယ် ထပ်ပစ်တာ။ ဆင့်ကွဲ လက်နက်ကြီး ဆိုတာက နားလည်အောင် ပြောရရင် ပုံမှန် လက်နက်ကြီး တွေထက် ပိုပြင်းတယ်ပေါ့ဗျာ။ စစ်ခွေးတွေက ပစ်မဲ့သာပစ်တာ အဲ့နားမှာ တိုက်ပွဲကို မရှိတာ။ ဘာလို့ဆို စစ်ရှောင် ပြည်သူတွေ သူတို့ ဆွေမျိုးနီးစပ်ရာ အိမ်တွေမှာ နေထိုင်တဲ့ ကျေးရွာနားတွေ ဖြစ်နေလို့ ကျွန်တော်တို့ဘက်က တိုက်ပွဲကို မဖော်ဆောင်တာ” လို့ သူကပြောပါတယ်။
အခုလို စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အနည်းဆုံး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရထားတယ်လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။
“ကျွန်တော် သိရသလောက် ကတော့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရတယ်။ နေအိမ်တစ်ချို့ ပျက်စီးသွားတယ်။ အခုမှ ထိခိုက်ဒဏ်ရာရသူတွေကို ကယ်ထုတ်နေတာမို့ အတိအကျတော့ မသိရသေးဘူး” လို့ မိုးဗြဲမြို့ခံက ပြောပါတယ်။
လက်ရှိ မိုးဗြဲမြို့ပေါ်မှာ စစ်ကောင်စီ တပ်ဖြန့်ထားပြီး ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေ ပြုလုပ် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးဗြဲဒသမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေ အနေနဲ့ မိုးဗြဲ-ပီကင်း လမ်းပိုင်း အသုံးမပြုဖို့နဲ့ စစ်ကောင်စီတပ်တွေကို ရှောင်ကွင်း သွားလာကြဖို့ မိုးဗြဲ PDF ရွှေလင်းယုန်တပ်ခွဲက အသိပေး ထုတ်ပြန်ထားပါတယ်။