စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် မြောင်လူငယ်ကွန်ရက်မှ ဦးဆောင်၍ ဒေသခံပြည်သူများနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ကို ယနေ့ (ဇွန်လ ၁၅) နံနက်က ချီတက်ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြပြည်သူများက “သင်ကိုယ်တိုင်ပါ၀င်မှ ဤတော်လှန်ရေး မုချအောင်မည်” ဘန်နာ စာသားကို ကိုင်စွဲ၍ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပြီး ယာယီထိုင်သပိတ် ပြုလုပ်ကာ သပိတ်တရားများ ဟောပြောခဲ့သည်။
ထိုင်သပိတ်တွင် သပိတ်ဦးဆောင်သူတို့က စစ်ကိုင်းဖိုရမ် ဖြစ်ပေါ်လာရပုံအကြောင်း နှင့် ဖိုရမ်၏ ရေရှည်ရည်မှန်းချက်များကို ပြည်သူလူထုထံ အစီရင်ခံတင်ပြခြင်း၊ သပိတ်တရားများ ဟောပြောခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
အဆိုပါလူထုသပိတ်စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ၊ ရပ်ကျေး ပကဖ၊ ပအဖ ၊ ပလဖ များက လုံခြုံရေးအတွက် လိုက်ပါဝန်းရံခဲ့ကြသည်။