KNLAနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ နယ်မြေသစ် စိုးမိုးရေးအတွက်ထိုးဖေါက်ဖို့ရှိလို့ ခရီးသည်တွေ ဒီနေ့ကစပြီးစည်းကမ်းချက်တွေကိုလိုက်နာ သွားလာကြဖို့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။
KNU တပ်မဟာ ၆ ရဲ့တပ်ရင်း၂၇ ဌာနချုပ်ကလည်း ဒီနေ့ကစပြီး မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ မြိတ် လမ်းတလျှောက်အသုံးပြုသူတွေလိုက်နာဖို့အလားတူစည်းကမ်းချက်တွေကို ပြီးခဲ့တဲ့ ၅ရက်ကတည်းကထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ တပ်ဖွဲ့ပြောင်းရွှေ့ရာမှာ အရပ်သားအသွင်ယူပြီး အဝေးပြေးလမ်းမကြီးကို ဖြတ်သန်းသွားလာနေတယ်လို့ ရေး(ပကဖ)ကဆိုပါတယ်။
ဒါကြောင့် ပြည်သူတွေခရီးသွားရာမှာ စစ်ကောင်စီတပ်သားတွေကိုဖြစ်စေ သူတို့နဲ့ပက်သက်တဲ့စစ်ပစ္စည်းတွေကိုဖြစ်စေမော်တော်ယာဉ်ပေါ်မှာ တင်ဆောင်တာ သယ်ဆောင်တာမပြုလုပ်ကြဖို့နဲ့ စစ်ကောင်စီယာဥ်တွေနဲ့ အတူတကွစီးနင်းတာတွေကိုလည်း မပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။
အရေးပေါ်လူနာတင်ယာဉ်တွေအနေနဲ့ ညပိုင်းခရီးသွားတဲ့အခါ ကားမှန်ချပြီးမောင်းနှင်ဖို့နဲ့ ၁ နာရီ ၈၀ ကီလိုမီတာအထက်ပိုမမောင်းနှင်ကြဖို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ ဆေးရုံဆေးခန်းကို အသွားခရီးခွင့်ပြုပြီး ညတွင်းချင်း ပြန်မောင်းလာတာကိုတော့ခွင့်မပြုဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ခရီးသွားမော်တော်ယာဉ်တွေကိုတားဆီး စစ်ဆေးစစ်ဆေးချိန် ကြည်ကြည်ဖြူဖြူလက်ခံပေးကြဖို့လည်း တောင်းဆိုထားပါတယ်။
တနင်္သာရီတိုင်းမှာတော့ သရက်ချောင်းမြို့နယ်အတွင်းက မြိတ်-ထားဝယ်လမ်းမကြီးကို ည ၉နာရီနောက်ပိုင်းအသုံးမပြုကြဖို့ မြို့နယ် (ပကဖ) တိုက်တွန်းထားသလို ပုလောမြို့နယ်မှာလည်းစစ်ရေးတင်းမှာနေတာကြောင့် ည ၇နာရီနောက်ပိုင်း ခရီးမသွားကြဖို့ မြိတ်ခရိုင် တပ်ရင်း (၁)ကထုတ်ပြန်ထားပါတယ်။