စစ်ကိုင်းတိုင်း၊ကလေးမြို့မှာ လတ်တလော စစ်ကောင်စီရဲ့ လှုပ်ရှားမှုတွေ ပိုစိပ်လာတယ်လို့ ဒေသခံတစ်ချို့က ပြောပါတယ်။
ယမန်နေ့ည ၉နာရီနဲ့၁၀နာရီကြား အချိန်မှာလည်းကလေးတောင်ပိုင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
“မနေ့ည ၉နာရီနဲ့ ၁၀နာရီကြားမှာ လက်နက်ကြီးသံတွေ ကြားရတယ်။ ခြောက်ချက် ခုနစ်ချက်လောက်ဖြစ်မယ်။ တောင်ပိုင်းကိုထုတာလို့တော့သိရတယ်။ နေအိမ်ထိခိုက်မှုနဲ့လူထိခိုက်မှုတော့ အတိအကျမသိရသေးဘူးဗျ” လို့ ကလေးမြို့ဒေသခံတစ်ဦးကပြောပါတယ်။
လတ်တလောမှာ မြို့တွင်းကနေ လက်နက်ကြီးပစ်ခတ်သံတွေဟာ အရင်ထက်ပို ခပ်စိပ်စိပ်ဖြစ်လာပြီး မြို့တွင်းနေပြည်သူများ ကြောက်လန့်နေကြ တယ်လို့လည်းသိရပါတယ်။
“အခုနောက်ပိုင်းပိုဆိုးတယ်။ စစ်ဆေးရေးတွေလည်း အရင်ထက်ပို ကြမ်းလာတယ်။ယောက်ျားလေး၂ယောက် ဆိုင်ကယ်စီးရင် အမေးမြန်းမရှိ ပစ်ခတ်ဖမ်းဆီးတာတွေလုပ်တယ်။ ကျား၊မ မရွေး ဆိုင်ကယ်တွေစစ်တယ်။ ဖုန်းတွေလည်းစစ်တယ်။ စစ်လို့ ဘာမှမတွေ့ရင် ဆိုင်ကယ်လိုင်စင်တောင်းတယ်။ မပါရင် ပိုက်ဆံတောင်းတယ်။ တစ်ခါတောင်းရင် ၃သောင်းကနေ ၆သောင်း လောက်တောင်းတတ်တယ်” လို့ ကလေးမြို့တွင်းနေ ဒေသခံတစ်ဦးက ဆိုပါတယ်။
ကလေးမြို့ တာဟန်း၊နေကြာတိုက်ရှေ့က ဘန်ကာတစ်ချို့ကို ပြန်ဖြုတ်ထားပြီး တာဟန်းမီးပွိုင့်အထက်ဘက်အထိ တိုးချဲ့ပြီး သံဆူးကြိုးတွေ ချထားတယ်လို့လည်း သိရပါတယ်။
ယနေ့ဇွန်လ ၁၆ ရက် မနက် ၁၁ နာရီကနေ ၁၂ နာရီခွဲအထိ ကလေးမြို့တောင်ပိုင်းသို့လက်နက်ကြီး ၉ ကြိမ်ပစ်ခတ်ပြီလို့ သိရတယ်။