မန္တလေးတိုင်း မိတ္ထီလာမြို့နဲ့ နေပြည်တော်ကြား လေ့ကျင့်ပျံသန်းနေတဲ့ စစ်ရဟတ်ယာဉ်တစ်စီး ဒီမနက်ပိုင်း ပျက်ကျခဲ့ပြီး စစ်အုပ်စု သစ္စာခံ ရဟတ်ယာဉ်မှူးနဲ့ သင်တန်းသားနှစ်ယောက်လုံး ပွဲချင်းပြီး သေတယ်လို့ သတင်းရရှိပါတယ်။
ဒီနေ့ ဇွန်(၁၅)ရက် မနက်ပိုင်း စစ်အုပ်စု လေတပ်က စစ်ရဟတ်ယာဉ်တစ်စီး ရဟတ်ယာဉ်မှူးတစ်ဦးနဲ့ သင်တန်းသားတစ်ဦး လိုက်ပါပြီး နေပြည်တော်ကနေ မိတ္ထီလာဘက် လေ့ကျင့်ပျံသန်းနေချိန် လယ်ဝေးမြို့နယ်၊ လယ်ဒါကြီးကျေးရွာရဲ့ အနောက် တောင်ဘက် ငါးမိုင်ခန့်အကွာမှာ ရုတ်တရက် စက်ချို့ယွင်းပြီး မြေပြင်ကို ပြုတ်ကျခဲ့ကြောင်းနဲ့ အဲ့ဒီ ဖြစ်စဉ်ကြောင့် ရဟတ်ယာဉ် ပျက်စီးသလို ရဟတ်ယာဉ်ပေါ် လိုက်ပါလာတဲ့ ရဟတ်ယာဉ်မှူးနဲ့ သင်တန်းသား ပွဲချင်းပြီး သေတယ်လို့ စစ်အုပ်စုက အတည်ပြုထုတ်ပြန်ပါတယ်။
သေဆုံးသူတွေရဲ့ အမည်၊ ရာထူးနဲ့ ပျက်ကျတဲ့ ရဟတ်ယာဉ် အမျိုးအစားတွေကို စစ်အုပ်စုက ဖော်ပြတာ မရှိသေးပါဘူး။
ရဟတ်ယာဉ် သင်တန်းမှူး ဆိုသူဟာ အနည်းဆုံး ဗိုလ်ကြီးအဆင့် ဖြစ်နိုင်ကြောင်းနဲ့ ပျက်ကျတဲ့ ရဟတ်ယာဉ်ဟာ ရှရှားထုတ် ရဟတ်ယာဉ်အဟောင်းတွေထဲက ဖြစ်နိုင်တယ်လို့ တော်လှန်ရေးနဲ့ ဆက်စပ်သူတစ်ဦးက သုံးသပ်ပါတယ်။