စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီးရွာ၌ အကြမ်းဖက် စစ်တပ်က တပ်စခန်း တည်ဆောက်ရန် မုံရွာမှ ဆောက်လုပ်ရေး ပစ္စည်းများကို ရေလမ်းဖြင့် သယ်ယူနေကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဇွန်လ ၁၄ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်က မုံရွာမှ ဘိလပ်မြေများ၊ ကွန်ကရက်တိုင်များနှင့် မြေသယ်ကားများကို မုံရွာမှ သံခွန်များဖြင့် သယ်ဆောင်ကာ ညောင်ပင်ကြီးရွာရှိ ထန်းတောဆိပ်ကို သယ်ယူနေပြီး တပ်စခန်း တည်ဆောက်ရန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
” စစ်ခွေးတွေက တပ်စခန်း အခိုင်အမာ တည်ဆောက်ဖို့ မုံရွာ ကနေ ဆောက်လုပ်ရေး ပစ္စည်းတွေ တင်ဆောင်လာတဲ့ သံခွန်တစ်စီး ညောင်ပင်ကြီး ထန်းတောဆိပ်ကပ်နေတယ်။ သံခွန်ပေါ်မှာ ဘိလပ်တိုင်တွေ ဘိလပ်မြေတွေလည်းပါတယ်။ စစ်ခွေးတွေ စခန်း ပြန်တည်ဆောက်ဖို့ကြိုးစားနေတယ်။ ၁၄ ရက်နေ့ကလည်း မုံရွာကနေ Faw ကား ၁ စီးယူလာတာတွေ့ရတယ်” ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ညောင်ပင်ကြီးရွာရဲစခန်းကို ဇွန်လ ၉ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်ခန့်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ကာ စစ်သား ၁၂ ဦးသေဆုံးပြီး ရဲစခန်းကို သိမ်းပိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။