ရန်ကုန်မြို့မှာ ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းဖို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ဇွန် ၁၅ ရက် မနက်မှာ စစ်မှုထမ်းဟောင်းတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တွေမှာ လုံခြုံရေးချထားတဲ့ စစ်ကောင်စီအင်အား နည်းပါးလာလို့ ခရိုင်နဲ့ မြို့နယ်အသီးသီးမှာရှိတဲ့ စစ်မှုထမ်းဟောင်းတွေကို တွေ့ဆုံကာ ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းဖို့ ပြောဆိုခဲ့တာလို့ စစ်တပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။
“ရန်ကုန်အစိုးရက ရုပ်ပြပဲရှိတာ၊ တည်ငြိမ်ရေးကို မလုပ်နိုင်သေးဘူး။ ပစ်ခတ်မှုထက် လုယက်မှု၊ ခိုးမှုတွေကိုပါ မတားဆီးနိုင်ဘူး။ တပ်ရင်းတွေကလည်း လူထပ်မပေးနိုင်ဘူး။ ဒါကြောင့် ပြည်သူ့စစ်ဖွဲ့ဖို့ လုပ်တာ။”
အဆိုပါတွေ့ဆုံပွဲကို ဗိုလ်ချုပ်ဇော်ဟိန်း အပါအဝင် ရန်ကုန်တိုင်းအစိုးရအဖွဲ့လည်း တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ ပြုလုပ်ခဲ့တာလို့ စစ်မှုထမ်းဟောင်းတဦးက ပြောပါတယ်။
“စစ်မှုထမ်းဟောင်းတိုင်းမတက်ဘူး၊ တချို့က ဘယ်ကိစ္စမှ ဝင်မပါတော့တာ၊ အခုတက်တဲ့သူတွေက အရင် တပ်မှာရှိကတည်းက နာမည်ပျက်နဲ့ ထွက်ခဲ့တဲ့သူတွေ၊ ဒီလူတွေက အခုချိန်မှာ နေရာရတာ၊ ဆန်တွေ ဆီတွေ ပိုက်ဆံတွေ ထောက်ပံ့တယ်၊ တချို့မြို့နယ်တွေဆို ပြည်သူ့စစ်တွေ ဖွဲ့ပြီးပြီ။”
မင်္ဂလာဒုံ၊ မှော်ဘီ၊ လှည်းကူး အစရှိတဲ့ မြို့နယ်တွေမှာ ပြည်သူ့စစ်အဖွဲ့တွေ စတင်ဖွဲ့စည်းကာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းလုပ်ဆောင်တာတွေ ရှိတယ်လို့ မင်္ဂလာဒုံမြို့ခံတဦးကပြောပါတယ်။
“ဇီးရိုးမိုင်မှာတခါ၊ ဇေကမ္ဘာထဲမှာ တခါ၊ ကုန်ကားအဖမ်းခံရတုန်းက စစ်သားတွေနဲ့အတူတူ ပြည်သူ့စစ်တွေလည်းပါတယ်။ ပြည်သူ့စစ်က ဝတ်ထားတာတော့ စစ်ယူနီဖောင်းပဲ၊ ဒါပေမဲ့ ဘက်တံဆိပ်တွေ မပါဘူး။”
ပြည်သူ့စစ်ဆိုတာ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ အရပ်သားတွေကို စစ်သင်တန်းပေးပြီး ဖွဲ့စည်းရတာဖြစ်ပေမဲ့ လက်ရှိအခြေအနေမှာ သင်တန်းပေးဖို့ စစ်တပ်မှာ အင်အားမရှိတဲ့ အတွက် စစ်မှုထမ်းဟောင်းတွေနဲ့ ပြန်လည်ဖွဲ့စည်းတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတဦးက ပြောပါတယ်။
အလားတူ ရန်ကုန်က မြို့နယ်တချို့မှာ စစ်တပ်၊ ရဲ၊ ဌာနဆိုင်ရာနဲ့ ရပ်ကျေးအုပ်ချုပ်ရေးတွေ ပါဝင်တဲ့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့လည်း ရှိတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။