မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ အမြောက်တပ်၏ ပစ်ခတ်မှုကြောင့် ကလေးမိခင်တစ်ဦး သေဆုံးပြီး ကလေး ၁ ဦး ခြေထောက်ပြတ်မှု အပါအဝင် ၂ ဦးဒဏ်ရာအပြင်းအထန်ရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၆ ရက်နေ့ ည ၇ နာရီအချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ် အမြောက်တပ်က လက်နက်ကြီးများဖြင့် ပြည်သူများ နေထိုင်သော ရပ်ကွက်များနှင့်ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သဖြင့် ကလေးငယ် ၂ ဦး၏ မိခင် မအေးအေးနွယ် လက်နက်ကြီးကျည်ထိမှန်သေဆုံးကြောင်း၊ ထို့ပြင် ကလေးငယ် ၁ ဦး ခြေထောက်ပြတ်သွားသည့်အပြင် အမျိုးသား ၁ ဦးလည်း လက်နက်ကြီးကျည်ထိမှန်၍ စိုးရိမ်ရ ဒဏ်ရာရရှိကြောင်း သိရှိရသည်။
“စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရွာလေးကွက်သစ်နေ မအေးအေးနွယ် လက်နက်ကြီးကျည်ထိမှန်သေဆုံးပါတယ်။ မအေးအေးနွယ်က ကလေး ၂ ဦးရဲ့ မိခင် အိမ်ထောင်သည်ပါ။ နောက်ပြီး လက်နက်ကြီးကျည်ထိလို့ ကလေး ၁ ဦး ခြေထောက်ပြတ်သွားပါတယ်။ နောက်ထပ် အမျိုးသား ၁ ဦးလည်း လက်နက်ကြီးထိမှန်ပြီး စိုးရိမ်ရဒဏ်ရာရရှိပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်၏ သိမ်ဇရပ် အခြေစိုက် အမြောက်တပ်များက ပြည်သူများနေထိုင်သော ကျေးရွာများ၊ ရပ်ကွက်များကို လက်နက်ကြီးကျည်ကျရောက်ကာ မကြာခဏ ဆိုသလို အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ ၊ သေဆုံးမှုများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရှိရသည်။