လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက အစစ်ဆေးတင်းကြပ်ပြီး ဈေးသည်တွေဆီက ကုန်ပစ္စည်းအမျိုးမျိုးကို တောင်းယူနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဒီနေ့မနက်ပိုင်းမှာတော့ ထားဝယ်-လောင်းလုံး ကားလမ်းပေါ်က အင်းဝန်းရွာထိပ် ထန်းတောမှာ စစ်ကောင်စီတပ်သားတွေ အစစ်အဆေးတင်းကြပ်နေတယ်လို့သိရပါတယ်။
အဲဒီနေရာမှာ ဒီနေ့မနက် ၆ နာရီမထိုးခင်လောက်ကတည်းက အင်အား ၂၀ လောက်နဲ့ နေရာယူပြီး လမ်းသွားလမ်းလာတယောက်ချင်းရဲ့ မှတ်ပုံတင်နဲ့ ဖုန်းတွေကိုပါစစ်တာတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင်စျေးသည်တွေကို စစ်ဆေးမေးမြန်းပြီး ပါလာတဲ့ပစ္စည်းတွေကိုတောင်းယူနေတယ်လို့သိရပါတယ်။
“ငါးသည်ဆိုငါးတောင်း၊ ထင်းကားဆိုထင်းယူတယ်၊ ဆန်ကားဆို ဆန်တစ်အိတ်ယူတယ်။ ဒူရင်းသီးသည်ပါအလွတ်မပေးဘူး။ ယူလို့ရတယ်မလားမေးပြီးယူတယ်။ ဈေးသည်တွေအရင်းပြုတ်တော့မယ်” လို့ဒေသခံတစ်ဦးကပြောပါတယ်။
အခုမနက် ၉ နာရီလောက်မှာတော့ အဲဒီစစ်ကောင်စီတပ်သားတွေ အင်းဝန်းရွာထဲကိုဝင်သွားတယ်လို့သိရပါတယ်။
အလားတူ အခုရက်ပိုင်း ထားဝယ်-လောင်းလုံးလမ်းတလျှောက်မှာ စစ်ကောင်စီတပ်က ရှောင်တခင်စစ်ဆေးတာတွေကိုပြုလုပ်နေသလို မြို့ပေါ်မှာလည်း ညောင်ပင်လမ်းဆုံနဲ့ လောင်းလုံး (အထက)ကျောင်းရှေ့မှာ နေ့တိုင်းနီးပါး စစ်ဆေးနေတယ်လို့သိရပါတယ်။
အခုလ ၁၃ ရက်နေ့ကလည်း ထောင်းလုံးမြို့အဝင်ဆိုင်းဘုတ်အနီးမှာ စစ်ကောင်စီတပ်သားနဲ့ရဲတွေက လမ်းသွားလမ်းလာတွေကိုစစ်ဆေးခဲ့သလို အနီးအနားကဒေသခံတချို့ကိုလည်းဖမ်းဆီးခဲ့ပါတယ်။