စစ်ကိုင်းတိုင်း ယင်းမာပင်မြောက်ခြမ်းတွင် တော်လှန်ပြည်သူများ စုပေါင်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး အရုဏ်ဦးသပိတ်ကို ယနေ့ (ဇွန်လ ၁၇) နံနက်အစောပိုင်း၌ ပြုလုပ်ခဲ့သည်။
ယင်းသပိတ်တွင် ပြည်သူများက “လမ်းပြပြုပြင်မီးအိမ်ရှင်” ၊ “နွေဦးမှသည် ဖက်ဒရယ်ဆီသို့” စာသားများနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံကို ကိုင်ဆောင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ နိုင်ငံရေးအကျဥ်းသားများ လွှတ်ပေးရေး လူထုကြွေးကြော်သံများ ဟစ်ကြွေး၍ တောင်းဆိုဆန္ဒပြခဲ့သည်။
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုများ၊ အကြမ်းဖက် စစ်ကြောင်းထိုးမှုများကြောင့် နယ်မြေမတည်ငြိမ်မှုများ ရှိနေသော်လည်း ယင်းမာပင်မြောက်ခြမ်း သပိတ်အင်အားစုက နေ့စဉ်မပြတ် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်လျက်ရှိသည်။