စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စုရှိ ရွာရှည်ရွာကို အကြမ်း စစ်တပ်က မီးတင်ရှို့နေကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စုရှိ ရွာရှည်ရွာကို မီးရှို့ဖျက်ဆီးလျက်ရှိပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများလည်း ကြားနေရကြောင်း သိရသည်။
” အခုထိလောင်နေတုန်းပဲ မီးများတယ်။ စစ်ခွေးတွေ ညောင်ပင်ကြီးကို မီးထပ်ရှို့နေတာ ရွာရှည်ရွာဘက်လို့ သိရတယ်။ မီးမရှို့ခင်တုန်းက လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်နေတဲ့ အသံတွေ ကြားနေရတယ်” ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ဇွန်လ ၉ ရက်နေ့က စတင်ပြီး ညောင်ပင်ကြီးရွာ၌ တပ်စွဲပြီးနောက် ညောင်ပင်ကြီးကျေးရွာအုပ်စုရှိ ပြည်သူပိုင် နေအိမ်များကို လက်ရှိချိန်ထိ ဆက်တိုက် မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။