အာဆီယံအနေနဲ့ စစ်ကောင်စီကို ဖိအားတွေ ဆက်ပေးပြီး အတိုက်အခံအင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံဖို့ အမေရိကန်နိုင်ငံရေးခြားဝန်ကြီးက စင်ကာပူနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာပြောကြားလိုက်ပါတယ်။
အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မှာ ဇွန်လ (၁၆) ရက်ကကျင်းပတဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တွေ့ဆုံမှုအပြီးမှာအခုလိုပြောကြားလိုက်တာဖြစ်တယ်လို့ CNA သတင်းဌာနမှာဖော်ပြချက်အရ သိရပါတယ်။
“ကျွန်တော်တို့အားလုံးအနေနဲ့ တစ်ဖက်ကနေ စစ်ကောင်စီကို ဆက်လက်ဖိအားပေးထားသင့်ပြီး တစ်ဖက်မှာလည်း ပြဿနာတွေပြေလည်စေမယ့်နည်းလမ်းတွေရှာဖို့အလွန်အရေးကြီးပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာ့အရေးက တိုးတက်မှု မရှိတဲ့အတွက် အကြမ်းဖက်စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံရမယ့်အချိန်မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
လက်ရှိမှာ အမေရိကန်ပြည်ထောင်စုဟာ မြန်မာစစ်တပ်နဲ့ စစ်တပ်နဲ့ဆက်စပ်နေတဲ့ကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူထားပြီး စစ်အစိုးရကိုလက်နက်ရောင်းချမှုရပ်တန့်ဖို့ကိုလည်း နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။
ဒါ့အပြင် စင်ကာပူနိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံကို စစ်ပွဲတွေမှာအသုံးပြုနိုင်တဲ့လက်နက်တွေမရောက်ရှိစေဖို့ အကောင်းဆုံးကြိုးစားသွားမယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားပါတယ်။