စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကင်းဗျားရွာတွင် ပြည်သူ ၅ ဦးကို စစ်တပ်က ပစ်သတ်ပြီး ယနေ့ ညပိုင်း၌ ရွာလုံးကျွတ် မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ကင်းဗျားရွာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၅ ရက်နေ့က စတင်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာအနောက်ပိုင်းရှိ အောင်မေတ္တာ တံတားတွင် ကင်းဗျားကျေးရွာသား သားအဖ ၃ ဦး၊ အိုဘိုရွာသား ၁ ဦးနှင့် နေရပ် မသိသူ ၁ ဦးတို့ကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း သိရသည်။
” သတ်ခံရတာက ရွာအနောက် အောင်မေတ္တာ တံတားမှာ သတ်ထားတာ အသတ်ခံရတာက ရွာက သားဖ ၃ ဦး နဲ့ အိုဘိုရွာက ၁ ဦး၊ နောက် အခြားရွာက ၁ ဦး တို့ကို သတ်ဖြတ်သွားတာ စစ်ခွေးတွေ ရွာက ပြန်ထွက်သွားတော့ ရွာကလူတွေက မီးသဂြိုလ် ပေးလိုက်ကြတယ်လို့ သိရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ်သည် ဇွန်လ ၁၅ ရက်နေ့တွင် ပြည်သူ ၅ ဦးကို သတ်ဖြတ်ပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဇွန်လ ၁၆ ရက်နေ့တွင် ရွာထဲ၌ တပ်စွဲခဲ့ပြီး ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားပြီး ည ၇ နာရီကျော်ခန့်တွင် ကျေးရွာအတွင်း ပြန်လည် ရောက်ရှိလာကာ ရွာအနောက်ပိုင်းရှိ နေအိမ်များမှ စတင်ပြီး ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။
” စစ်ခွေးတွေက ပြန်ထွက်သွားပြီးမှ အခု ညပိုင်း ပြန်ရောက်လာတာ တစ်ရွာလုံးကို မီးတင်ရှို့နေတာ ရွာမှာက အိမ်ခြေ ၂၀၀ ကျော်လောက်ပဲရှိတာ” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။
ကင်းဗျားရွာသည် အိမ်ခြေ ၂၀၀ ကျော်ခန့်ရှိပြီး လူဦးရေး ၄၀၀ ခန့်နေထိုင်ကာ လက်ရှိချိန်တွင် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။