ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်တွင် ယခုဇွန်လအတွင်း တိုက်ပွဲ ၇၁ကြိမ် ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက် ၄၅ဦး သေဆုံးခဲ့ကြောင်း KNU တပ်မဟာ (၅)က ယမန်နေ့ညက သတင်းထုတ်ပြန်သည်။
စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ်(၅)တပ်မဟာလက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲများနှင့် နေ့စဉ်နှင့်အမျှတိုက်ပွဲဖြစ်ပွားလျက်ရာတွင် ဇွန်လ ၁ရက်မှ ၁၅ ရက်အထိတိုက်ပွဲ အခြေအနေကို ထပ်မံထုတ် ပြန်လိုက်ခြင်းဖြစ်သည်။
တိုက်ပွဲပေါင်း(၇၁)ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် ၄၅ဦး သေဆုံးပြီး ၁၃ဦးဒဏ်ရာရရှိသွားသည့်အပြင် စစ်ကောင်စီ၏ မြင်းလား(၅)ကောင်နှင့် စစ်သုံးမော်တော်ကားတစ်စီးအား တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ ကြောင်း ဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲများအတွင်း တပ်မဟာ (၅)စစ်သည်တော်(၄)ဦးကျဆုံးကာ ၁၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးသည်။
ဇွန်လ ၁၄ ရက်က ဖာပွန်ခရိုင်၌ နှစ်ပတ်တာအတွင်း တိုက်ပွဲဖြစ်ပွားမှုကို ကနဦး ထုတ်ပြန်ခဲ့ရာ တိုက်ပွဲ ၃၁ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၂ဦးသေဆုံးခဲ့ဟုဖော်ပြခဲ့ရာ ထိုစဥ်က ဖော်ခြင်းမရှိသေးသည့် တိုက်ပွဲအခြေအနေများကို ယခု ထပ်မံ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲများနှင့်လားလားမျှသက်ဆိုင်မှုမရှိသည့်ကျေးရွာ၊ လူနေအိမ်အဆောက်အဦး၊ ဥယဉ်ခြံမြေများအတွင်းသို့ လက်နက် ကြီးများဖြင့် တမင်ရည်ရွယ်ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။