တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာနဲ့ သမီးလှကျေးရွာတွေအနီးမှာ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဆီက သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ (၅၆၁) တပ်ကနေ သိန္ဒောရှေ့တန်းစခန်းကိုသွားတဲ့အချိန် ဇွန်လ ၁၇ ရက် မနက် ၁၀ နာရီလောက်မှာ စတင် တိုက်ခိုက်ခံခဲ့ရတာပါ။
နှစ်ဖက်ပစ်ခတ်မှုတွေကတော့ ညနေ ၅ နာရီလောက်အထိ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်ကဆိုပါတယ်။
“တိုက်ပွဲကတစ်လျှောက်လုံးမှာ ဖြစ်တာပါ။ သူတို့ဘက်က ထိခိုက်မှုအခြေအနေအသေးစိတ်ကို မသိရသေးဘူး” လို့ တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ရဲဘော်တစ်ဦးကပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ တိုက်ပွဲအတွင်းနဲ့ တိုက်ပွဲဖြစ်ပွားပြီးချိန်တွေမှာ လက်နက်ကြီးတွေ အများအပြားအသုံးပြုပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် အရပ်သား ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်ကဆိုပါတယ်။
အခုတိုက်ခိုက်မှုကို တနင်္သာရီပြည်သူကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)နဲ့ မြိတ်ခရိုင်တပ်ရင်း(၂)တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
အခုတိုက်ပွဲကြောင့် ညောင်ပင်ကွင်း၊ ခြောက်မိုင်၊ ဆင်ခေါင်း၊ ဘန်လော၊ ဘန်လင်၊ သမီးလှ၊ ကော်တော၊ ရေပေါ်၊ ဘန်ကြုတ်၊ သကျက်နဲ့ ကျွဲထိန်းကုန်း ရွာတွေက ဒေသခံတွေစစ်ဘေးရှောင်နေရတယ်လို့သိရပါတယ်။