မတရား အကျဉ်းချခံထားရတဲ့ ဒီမိုကရေစီ ခေါင်းဆောင်တွေ အပါအဝင် တော်လှန်ရေး ရဲဘော်တွေ အားလုံး လွတ်မြောက်ပါစေလို့ ဒီကနေ့ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်းက ဆုတောင်း ဆန္ဒပြုလိုက်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ အသက် ၇၈ နှစ်ပြည့် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေပေးဖို့နဲ့ နွေဦးတော်လှန်ရေး အောင်မြင်ဖို့ ဖယ်ခုံ (၁၀၀၆) တပ်ရင်းက ဆုတောင်းထားပါတယ်။
“ကျွန်တော်တို့ အားလုံး ဆုတောင်းကတော့ အမေစု ကျန်းကျန်းမာမာနဲ့ ရှိနေဖို့ပါ။ ဒီအရေးတော်ပုံကြီးလည်း အောင်မှ လွတ်မဲ့ သူတွေရှိတယ်။ ထောင်ထဲမှာရှိတဲ့ အပြစ်မဲ့ ပြည်သူ့ခေါင်းဆောင်တွေ၊ လူငယ် ကျောင်းသားတွေက တော်လှန်ရေး အောင်မြင်မှ အားလုံး လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်” လို့ ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်း တာဝန်ရှိသူက ဆိုပါတယ်။
နွေဦးတော်လှန်ရေး တိုက်ပွဲ အတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေ အတွက် ပြည်သူတွေ သွေးမအေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
“တော်လှန်ရေးမှာ အသက်ပေးခဲ့တဲ့ အာဇာနည် သူရဲကောင်းတွေ အတွက် ပြည်သူတွေ သွေးမအေးကြပါနဲ့။ အကြမ်းဖက်စစ်တပ်ရဲ့ ယုတ်မာရက်စက်မှုတွေ တစ်ရက်ထက်တစ်ရက် ပိုလာပါတယ်၊ မေ့ပျောက်လို့ လုံး၀ မရပါဘူး” လို့ သူကပြောပါတယ်။
လက်ရှိ ရဲဘော် အများစု ရှမ်း-ကရင်နီ နယ်စပ် တိုက်ပွဲ ရှေ့တန်း စစ်မြေပြင် ရောက်နေတာဖြစ်လို့ နောက်တန်း ရဲဘော်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့် မွေးနေ့ပွဲကို အကျဉ်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။