ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်း၊ Junction Square ရှေ့၊ KBZ Bank အနီးမှာ နှင်းဆီပန်း ကိုင်ဆောင်လာတဲ့ အမျိုးသမီးငယ်၂ ဦးကို စစ်တပ်က DC ၂ စီးနဲ့ ဖမ်းဆီးသွားပြီးနောက် Junction Square ပတ်လမ်းထဲမှာ နှင်းဆီပန်း ကိုင်ထားတဲ့ အမျိုးသမီးငယ် တစ်ဦးကို ထပ်မံ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့၊ မနက် ၉ နာရီကျော်က စစ်ကောင်စီတပ်တွေ လူစည်ကားတဲ့ နေရာတွေမှာ ကင်းပတ် စစ်ဆေးနေတာဖြစ်ပြီး ပန်းကိုင်လာတဲ့ လူငယ်တွေကို ဖမ်းဆီးစစ်ဆေး နေသလို လက်ကိုင်ဖုန်းနဲ့ အိတ်တွေကိုလည်း စစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီနေ့က လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်ပြည့်မွေးနေ့ ဆိုတော့ ဒီကောင်တွေ မနက်ထဲက ပတ်တာ။ ကောင်မလေး ၂ ယောက် ကို အရင်ဖမ်းပြီး ကားပေါ်တင်သွားတာ။ နောက်မှ စင်တာကို ပတ်နေတုန်း ပန်းကိုင်လာတဲ့ နောက်တစ်ယောက်ကို ဖမ်းတာ။ အချိန်က ၁၀ နာရီကျော်လောက်က ဖမ်းသွားတာ။ စစ်ကား ၂ စီးနဲ့ ကင်းပတ်နေတာ” လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
ဒီကနေ့ မနက် ၉ နာရီခွဲကျော်ကလည်း ကမာရွတ်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ လှည်းတန်းလမ်းမ၊ လှည်းတန်းဈေး လမ်းထိပ်နဲ့ အင်းစိန်လမ်းမ၊ ဦးထွန်းလင်းခြံလမ်းထိပ် သမိုင်းဘက်အသွားတွေမှာ စစ်တပ်က စစ်ကား ၂ စီးရပ်ပြီး ဖြတ်သွား ဖြတ်လာများကို စစ်ဆေးခဲ့ပါသေးတယ်။
ဒီကနေ့ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်ပြည့် မွေးနေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မည်သည့်ပန်း အမျိုးအစားကိုမဆို အသုံးပြုပြီး လုံခြုံရေး မထိခိုက်စေတဲ့ ပုံစံနဲ့ ပြုလုပ်တဲ့ ပန်းသပိတ်မှာ ပါဝင်ပေးကြဖို့ တော်လှန်ရေး အင်အားစုတွေက နှိုးဆော် ထားပါတယ်။