ဒီနေ့ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈)နှစ်ပြည့်မွေးနေ့မှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)ရဲ့ အထွေထွေအတွင်းရေးမှူး တားဘုန်းကျော်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ဆုတောင်းပေးခဲ့ပါတယ်။
ဗိုလ်မှူးချုပ် တားဘုန်းကျော်က “အသန်မာဆုံး ဂုဏ်သရေရှိ အမျိုးသမီးရေ ပျော်ရွှင်သော မွေးနေ့ ဖြစ်ပါစေ။ လွတ်မြောက်ပါစေ။ မြန်မာနိုင်ငံရေး တစ်ဖန်ပြန်ဦးဆောင်ဖို့ အခွင့်အရေး ရပါစေ” ဆိုပြီး Facebook စာမျက်နှာမှာ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားပါတယ်။
ဒီနေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသားအပါအဝင် တော်လှန်ရေး အဖွဲ့အစည်းတွေကလည်း ပန်းသပိတ် ပြုလုပ်ပြီး သူမ အမြန်ဆုံး လွတ်မြောက်လာဖို့ ဆုတောင်းခဲ့ကြပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီက ပန်းသပိတ် လုပ်နေသူတွေကို ဖမ်းဆီးမှုတွေ လုပ်နေပါတယ်။
၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်မှာ မွေးဖွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ၂ဝ၂၃ ခုနှစ် ဇွန်လ ၁၉ ရက်မှာ အသက် (၇၈)နှစ် ပြည့်တာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲထားတဲ့ အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချထားခံရပြီ ဖြစ်ပါတယ်။